Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ နှင့် သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


22 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် သမဝါယမ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ၊ ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးမှ ဖွင့်လှစ်လျက်ရှိသော ချည်မျှင်နှင့်အထည်အလိပ် အတတ်ပညာ ဒီပလိုမာ (၁)နှစ်သင်တန်းနှင့် အထည်အလိပ်ကျွမ်းကျင်သူ(၁)နှစ်သင်တန်း၊ လက်ရက်ကန်း (၆)လသင်တန်း၊ ရိုးရာလွန်ရာကျချိတ် (၆)လ သင်တန်း၊ ရွှေချည်ထိုးငွေချည်ထိုး (၃)လသင်တန်းများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရိုးရာရက်ကန်းအတတ်ပညာကို ထိန်းသိမ်းရန်၊ ပိုမိုတိုးတက် ကောင်းမွန်ရေး လေ့လာဆောင်ရွက်ကြရန်၊ ကျေးလက်နေပြည်သူများမှ ရိုးရာရက်ကန်း ထုတ်ကုန် များကို တိုးချဲ့ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးရန်၊ ရက်ကန်းပညာအခြေပြု အလုပ်အကိုင် အခွင့်အလမ်းများဖော်ထုတ်ဆောင်ရွက်ရန်၊ သင်တန်းသားသင်တန်းသူများ၏ နေထိုင် စားသောက်ရေး အဆင်ပြေအောင်ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး စက်ရက်ကန်း၊ လက်ရက်ကန်း ရွှေချည်ထိုးငွေချည်ထိုး သင်တန်းလက်တွေ့သင်ကြားနေမှုများကို ကြည့်ရှု့အားပေးပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုပ်လုပ်ရေး သမဝါယမအသင်း လီမိတက်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက် လျက်ရှိသော မန္တလေးနို့ချက်စက်ရုံသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုပ်လုပ်ရေး သမဝါယမ အသင်းလီမိတက် တာဝန်ရှိသူများက စက်ရုံလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများ၊ နေ့စဉ် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်၊ ဒိန်ချဉ် ထုတ်နိုင်မှု၊ ဖြန့်ဖြူးရောင်းချမှု အခြေအနေများ၊ တိုးချဲ့ဆောင်ရွက်မည့် အခြေအနေများ၊ သဘာဝမြေဩဇာထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက နို့ချက်စက်ရုံ စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး၊ လိုအပ် သည့် ကုန်ကြမ်းများရရှိရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ နို့ဆီအရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် ဈေးကွက်ရရှိရေး ကြိုးစားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun(Good Brother’s) ကုမ္ပဏီ လီမိတက်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော တန်(၁၅၀) ဆန်စက် တည်ဆောက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေး ဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စက်ရုံပြီးစီးမည့်အချိန်တွင် တစ်ဆက်တည်း စက်ရုံစတင်လည်ပတ်ဆောင်ရွက် နိုင်ရေးအတွက် ကုန်ကြမ်းများ အဆင့်သင့်ရရှိရေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သမဝါယမ အသင်းစုများ၊ အသင်းများမှ ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုများနှင့် ကြိုတင် ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ စပါးစိုက် တောင်သူများနှင့်  ချိတ်ဆက်ဆောင်ရွက်ရာတွင် တောင်သူများလိုအပ်သည့် သွင်းအားစုများ၊ နည်းပညာများကို သမဝါယမအသင်းများနှင့် ကူညီပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များနှင့် အသင်းသား တောင်သူများ အပြန်အလှန်အကျိုးရှိ အကျိုးပြုနိုင်ရေး စီမံဆောင်ရွက်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီးနောက် ဆန် တန်(၁၅၀)ကျစက်ရုံ တည်ဆောက်မည့် မြေနေရာအားလည်းကောင်း၊ သဘာဝမြေ ဩဇာထုတ်လုပ်နေမှု အခြေအနေ များအားလည်းကောင်း၊ နို့ချက်စက်ရုံအတွင်း နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်၊ နို့ဒိန်ချဉ်၊ နွားနို့ အဆင့်ဆင့် ထုတ်လုပ်နေမှု အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ် (မန္တလေး)သို့ ရှောက်ရှိပြီး ကျောင်းသားကျောင်းသူများ စာသင်ကြားနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီးမှ သင်တန်းများဖွင့်လှစ်သင်ကြား ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဟာအရေးကြီးပါကြောင်း၊ ပျော်ရွှင်အေးချမ်းစွာ ပညာ သင်ကြားကြပြီး စာကြိုးစားကြရန်မှာကြားလိုပါကြောင်း၊ ကောလိပ်၏ ဂုဏ်ကိုဆောင်နိုင်သည့် စည်းကမ်းရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ့သားကောင်းရတနာများ ဖြစ်အောင် ကြိုးစား ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး ဆရာဆရာများ၊ ကျောင်းသားကျောင်းသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း(မန္တလေး)သို့ရောက်ရှိပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ နှင့် တွေ့ဆုံရာ ကျောင်းအုပ်ဆရာကြီးက သင်တန်းကျောင်း၌ ပထမနှစ်၊ ဒုတိယနှစ်၊ ကျောင်းသား ကျောင်းသူများ တက်ရောက်မှု အခြေအနေများ၊ သင်ကြားပို့ချနေမှု နည်းစနစ်များ၊ သင်တန်းကာလ ၂ နှစ်ပြီးဆုံးသည့် ကျောင်းသားကျောင်းသူများ အလုပ်အကိုင်ရရှိရေး Job Fair ပြုလုပ်ပေးမည့် အစီအစဉ်များ၊ ကျောင်းသားကျောင်းသူများအတွက် စာသင်ဆောင်၊ သင်တန်းသား အိပ်ဆောင်၊ စားသောက်ရေးစီစဉ်ပေးထားမှုများနှင့် သင်တန်းကျောင်းအတွက် လိုအပ်ချက်များကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများ အနေဖြင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားကြပြီး စာကြိုးစားကြရန်မှာကြားလိုပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့်လည်း ကျောင်းသားကျောင်းသူများ အမှန်တကယ် တတ်မြောက်စေရေး၊ စွမ်းရည်များပြည့်ဝစေရေးအတွက် ကြိုးစားသင်ကြားပေးရန် လိုအပ်ကြောင်း၊ သင်တန်းကာလ ၂နှစ် ပြည့်မြောက်မည့် ကျောင်းသားကျောင်းသူများအနေဖြင့် သတ်မှတ်အရည် အချင်းပြည့်မီပါက သမဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူးတက်ရောက်နိုင်ကြောင်း၊ ကျန်ရှိ သည့် ကျောင်းသားကျောင်သူများကိုလည်း အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊  သင်တန်းကျောင်း၏ ဂုဏ်ကိုဆောင်နိုင်သည့် စည်းကမ်းရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်းမှာကြားပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm