Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး လယ်ဝေးမြို့နယ် ဗွက်ကြီးရိုးကုန်ထုတ်လမ်း ကြည့်ရှု ၊ တောင်သူများနှင့် တွေ့ဆုံ


15 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာသို့ သွားရောက်ပြီး နေပြည်တော်ကောင်စီနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့၏ ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၆) သို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်လျက်ရှိသည့် ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား ပေ (၈၄၀) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး သည်။ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် တံတားတည်ဆောက်ပြီးစီးချိန်၌ စစ်တောင်းမြစ်အတွင်း သွားလာနေသော စက်တပ် ရေယာဉ်များ ရေလမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ တံတားတည်ဆောက်ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ချဉ်းကပ် လမ်းကတ္တရာခင်းခြင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်း၊ မြေသားတာဘောင်တင်၍ ကျောက်ရောမြေ ခင်းကြိတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မတ်လတွင် ပြီးစီးရေး ဆောင်ရွက်လျက်ရှိသည်။ အဆိုပါတံတား တည်ဆောက်ပြီးစီးပါက လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၁ ရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန် စေရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် အခြားသောလူမှုရေးကိစ္စများအတွက် ဖြတ်သန်းသွားလာ အသုံးပြုနိုင်မည် ဖြစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အိမ်ခြေ(၁၆၀) လူဦးရေ(၆၈၅) ဦးရှိ ဗွက်ကြီးရိုး ကျေးရွာမှ တောင်သူ (၄၀) ဦး စိုက်ပျိုးမြေဧက (၃၀၀) အား အကျိုးပြုသည့် ကုန်ထုတ်လမ်း ပေ ၃၁၀၀ ဖောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်ပြီး ရေကာကျေးရွာအုပ်စု၊ ဗွက်ကြီးရိုး၊ ရေကာ၊ သဖန်းပင်၊ ဘိုကတော်၊ ဇီးဖြူတန်း၊ ရှမ်းရွာ (၆) ရွာတို့မှ  တောင်သူများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက ကျေးရွာအလိုက် စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ပါဝင်စိုက်ပျိုးကြရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အထွက်တိုးစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရန်၊ ဆီထွက်သီးနှံစိုက်ပျိုးရေးကိုလည်း အလေးထားဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ဦးစီးဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများ ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ ဖွံ့ဖြိုးရေး လုပ်ငန်းတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm