Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


15 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ပင်လောင်းမြို့နယ်နှင့် ကလောမြို့နယ် များအတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ နောင်မွန်းကျေးရွာသို့ သွားရောက်ကာ ရွှေတက်တိုးသမဝါယမအသင်း၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ခြံလှောင်စနစ်ဖြင့် နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် အသင်းအမှုဆောင်များက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြ ကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နွားစာအတွက် အဲဗားဂရင်းမြက်မျိုးများ တိုးချဲ့စိုက်ပျိုးရန်၊ ဒေသနွားမျိုးအပြင် နိုင်ငံခြားမျိုးများ သားစပ်ထုတ်လုပ် နိုင်ရေးအတွက် သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိတ်တူကိုယ်တူ ဆန္ဒတူသူများစုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် အရင်းအနှီးများ မတည်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြီး ဒေသခံပြည်သူများ၏ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီးနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ခြံလှောင်စနစ်ဖြင့် စုပေါင်းနွားမွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နောင်တရားမြို့ရှိ နောင်တရားအာလူး စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း၏ အာလူးစက်ရုံလည်ပတ်နေမှုနှင့် အာလူးမျိုးများ အအေးခန်းများတွင် သိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သဘာဝမြေဩဇာစက်ရုံတည်ဆောက်မှု လုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုရာ ပြည်နယ်သမဝါယမ ဦးစီးဌာန ဦးစီးမှူးနှင့် နောင်တရားအာလူး စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း ဥက္ကဋ္ဌတို့က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စက်ရုံတည်ဆောက်နေမှုများ၊ စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှုအခြေအနေများ၊ သဘာဝမြေဩဇာထုတ်လုပ်မှုအခြေအနေများ၊ တစ်သျှူးကာချာ နည်းဖြင့် အားလူးမျိုးထုတ်လုပ် ဆောင်ရွက်မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် အာလူးစိုက် သမဝါယမအသင်းတောင်သူများအတွက် စက်သုံးဆီ လိုအပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလျာထားချက်များ အတိုင်းလာမည့် သဘာဝမြေဩဇာများကို စတင်ထုတ်လုပ်၍ ဒေသခံ တောင်သူများအား ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ သဘာဝမြေဩဇာ ထုတ်လုပ်ခွင့်၊ ရောင်းချခွင့်လုပ်ငန်းလိုင်စင်နှင့် စက်မှုမြေငှားဂရံ များရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာတာဝန် ရှိသူများမှလည်း ပေါင်းစပ်ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊ အာလူးစိုက်တောင်သူများ အတွက် လိုအပ်နေသည့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကို အကြို ကွင်းဆင်းလေ့လာပြီး ဆောင်ရွက်ပေးနိုင်မည့် အစီအမံများနှင့်အတူ အမြန်ဆုံးပြန်လည် တင်ပြသွားရန်မှာကြားလိုပါကြောင်း၊ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အသင်းသား တောင်သူများ ဒေသခံတောင်သူများ အနေဖြင့် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးအဖြစ် ပင်လောင်းဒေသတွင် လက်ဖက်၊ နောင်တရားတွင် အာလူး စသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ရရှိရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် မိမိတို့ဝန်ကြီးဌာနမှလည်း လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီးများ ရရှိပြီဖြစ်၍ လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သတ်မှတ်စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလအတွင်း သတ်မှတ်အရင်း၊ အတိုးများအား မပျက်မကွက်ပေးသွင်းကြရန် လိုအပ်ကြောင်း၊ ဆွေးနွေးပြောကြား ပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီးနောက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် စက်ရုံအတွင်း စက်ပစ္စည်းများ တပ်ဆင် ထားရှိမှုနှင့် သဘာဝမြေဩဇာထုတ်လုပ်မှု အခြေအနေများ၊ တစ်သျှူးကာချာနည်းဖြင့် အားလူးမျိုး ထုတ်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ကလောမြို့နယ်၊ ဘော်နင်းရွာသစ်ကျေးရွာ အပါအဝင် ကျေးရွာခြောက်ရွာရှိ တောင်သူများ၏ စပါး၊ အာလူး၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ်၊ ပြောင်း စသည့်စိုက်ပျိုးမြေဧက ၁၅၀၀ ကို အကျိုးပြုပေးနိုင်မည့် ဘော်နင်းရွာသစ်ကျေးရွာ ကျေးလက် ကုန်ထုတ်လမ်းနှင့် ဆက်စပ်ကုန်ထုတ်တံတားများ ဖောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှု စစ်ဆေးရာ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ကုန်ထုတ်လမ်းနှင့် ဆက်စပ်ကုန်ထုတ်တံတားလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ဘော်နင်းရွာသစ် ကျေးရွာ၌ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း(Smart Village) ဖြင့် ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးလုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုကူညီထောက်ပံ့မှု လုပ်ငန်း များ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့ ခိုင်မာ အားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ပါသည်။  ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ ဆောင်ရွက်ပေး လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသနေပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများအား ရေရှည် တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်ဆွေးနွေးမှာကြားပါသည်။

ဆက်လက၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဘော်နင်းကျေးရွာ အုပ်စုတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ညောင်ကုန်း-လက်မောင်းကွေး လမ်းအား ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်း ဆောင်ရွက် နေမှုများအား ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ ကျေးရွာသူ ကျေးရွာသားများသာမက တာဝန်ရှိသူအားလုံး ဆောင်ရွက် ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားပြီး ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့် ဆည်း ဆောင်ရွက်ပြီး လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ အဆိုပါ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးပါက ဘော်နင်းကျေးရွာအုပ်စုအတွင်းရှိ ညောင်ကုန်းကျေးရွာနှင့် လက်မောင်းကွေးကျေးရွာတို့ရှိ အိမ်ခြေ ၇၅၅ အိမ်၊ လူဦးရေ ၂၉၄၁ ဦး တို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အကျိုးပြုပေးနိုင်မှာဖြစ်ပြီး ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း သတင်းရရှိပါ သည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm