Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


12 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နေ့လည်ပိုင်းတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇမ္ဗုသီရိမြို့နယ်  တဲကြီးကုန်းကျေးရွာရှိ ယာယီရှင်းလင်းဆောင်သို့ရောက်ရှိပြီး တဲကြီးကုန်းကျေးရွာ၊ အလျင်လိုကျေးရွာ၊ အောင်ဇမ္ဗူရပ်ကွက်၊ ရှားတောကျေးရွာ၊ ဂုဏ်မင်းအင်းကျေးရွာတို့မှ သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် သမဝါယမဦးစီးဌာန ဦးစီးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးအထွက်နှုန်း ကိစ္စရပ်များ၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ခဲ့သည့် သွင်းအားစုနှင့်ညီမျှသော ငွေအတွက် သီးနှံပြန်ရောင်း၍ ပေးသွင်းမှု အခြေအနေမျာအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော် အစိုးရက နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ၁ ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်း နှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ ပေးခဲ့ပါကြောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် စိတ်တူကိုယ်တူ ဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်းကာ ညီညီညွတ်ညွတ်ဖြင့် စုပေါင်းဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ လက်ရှိ စိုက်ပျိုးနေသော စပါးမျိုးများအပြင် အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးလိုပါက မိမိတို့ဝန်ကြီးဌာအနေဖြင့် ပေါင်းစပ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်မှ သာလျှင် တောင်သူများ ဝင်ငွေတိုးပွားနိုင်မည်ဖြစ်ပြီး လိုအပ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးမည့်မြေ ကောင်းမွန်အောင်ပြုပြင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ စိုက်နည်းစနစ်များ အတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဓာတ်မြေဩဇာနှင့် သွင်းအားစုများ ထောက်ပံ့ပေးရာတွင် တောင်သူများ လက်ဝယ်သို့ သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်းရောက်ရှိရေး သက်ဆိုင်သူ အားလုံးမှ စနစ်တကျ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး အသင်းသားတောင်သူများ၏ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာတင်ပြချက် များအပေါ်လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးပြီးနောက် သမဝါယမ အသင်းသားတောင်သူများ၏ မိုးစပါးရိတ်သိမ်းနေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်း ကျေးရွာအုပ်စု၊ ဂုဏ်မင်းအင်းကျေးရွာသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးက ဂုဏ်မင်းအင်းကျေးရွာ၌ သောက်သုံးရေရရှိရေး စက်ရေတွင်း တူးဖော်ခြင်း၊ အမြင့်တင်ရေစင် တည်ဆောက်ပြီးစီးမှုနှင့် ရေပိုက်လိုင်း သွယ်တန်းမှု အခြေအနေများ၊ မြစိမ်းကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ များအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပြီး ရေပေးရေစနစ်များ ရေရှည်တည်တံ့ခိုင်မြဲရေး ကျေးရွာရေကော်မတီမှ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အောင်မြင်မှု များအား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာရှိ အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးသူများအား သမဝါယမစာရင်းရေး စာရင်းကိုင်သင်တန်း ကျောင်းများတွင် အခမဲ့တက်ရောက်နိုင်ကြောင်း၊ အသေးစားအလယ်စားကုန်ထုတ် လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သော နည်းပညာသင်တန်းများ ကျေးရွာ အရောက်ဆောင်ရွက်ပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက လိုအပ်သည့် အရင်းအနှီးမတည် ငွေများ ထူထောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းထူထောင်ပြီး စီးပွားဖြစ် လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် ကျေးရွာသူ ကျေးရွာသားများ အားလုံးပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဂုဏ်မင်းအင်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး အိမ်ခြေ ၂၇၅ လူဦးရေ ၁၀၀၀ ကျော်အတွက် အကျိုးပြုပေးနိုင်မည့် စက်ရေတွင်းတူးဖော်ခြင်း၊ အမြင့်တင် ရေစင်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm