Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ် စစ်တောင်းမြစ်ကူး ပေါင်းလောင်း-ကြို့ပင်သာ သံကူကွန်ရစ်တံတားတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး


08 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၈

မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းလာစေရေး၊ လူနေမှု အဆင့်အတန်းမြင့်မားပြီး စီးပွားရေး ခိုင်မာအားကောင်းသည့် ခေတ်မီစံပြကျေးရွာများ ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာ ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ သကဲ့သို့ ဒေသခံပြည်သူများအနေဖြင့်လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝိုင်းဝန်းထိန်းသိမ်း ကြရန်လိုအပ်ကြောင်း ယနေ့ နေ့လည်ပိုင်းက  လယ်ဝေးမြို့နယ် ကြို့ပင်သာကျေးရွာ၊ ပေါက်မြိုင်ကျေးရွာနှင့် အလယ်ကျွန်းကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြား ခဲ့ခြင်းဖြစ်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စု၊ စစ်တောင်း မြစ်ကူး ပေါင်းလောင်း-ကြို့ပင်သာ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်ရှိ ယာယီရှင်းလင်းဆောင်သို့ရောက်ရှိပြီး ကြို့ပင်သာကျေးရွာ၊ ပေါက်မြိုင်ကျေးရွာ၊ အလယ်ကျွန်း ကျေးရွာတို့မှ သမဝါယမအသင်းသားတောင်သူများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက စစ်တောင်းမြစ်ကူး ပေါင်းလောင်း-ကြို့ပင်သာ သံကူကွန်ကရစ် တံတားဆောက်နေမှု အခြေအနေများအားလည်းကောင်း၊ လယ်ဝေးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးမှူးက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးခဲ့သော မိုးစပါးအထွက်နှုန်းကိစ္စရပ်များ၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ခဲ့သည့် သွင်းအားစုနှင့်ညီမျှသော ငွေအတွက် သီးနှံပြန်ရောင်း၍ ပြန်လည်ပေးသွင်းမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြ ကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အစိုးရ အနေဖြင့် သမဝါယမအသင်းသားတောင်သူများ၊ ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်း နှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ ပေးခဲ့ပါကြောင်း၊  ဒေသခံတောင်သူများအနေဖြင့် လက်ရှိ စိုက်ပျိုးနေသော စပါးမျိုးများ အပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုး ကြစေလိုကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်မှသာလျှင် တောင်သူများဝင်ငွေတိုးပွား နိုင်မှာဖြစ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ မြေ အမျိုးအစား၊ စိုက်ပျိုးရေ၊ စိုက်ပျိုးနည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ခဲ့သည့် သွင်းအားစုနှင့်ညီမျှသော ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းစေလိုကြောင်း၊ ဒါမှသာ ဆောင်းဆီထွက်သီးနှံနှင့် နွေစပါးများ စိုက်ပျိုးရာတွင် ပိုမိုထောက်ပံ့ပေးနိုင်မှာ ဖြစ်ကြောင်း၊ စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်း၍ စီးပွားဖြစ် လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေး ကျေးရွာသူကျေးရွာသားများ အားလုံးပူးပေါင်း လုပ်ဆောင်ကြလိုအပ်ကြောင်း၊ မိုးစပါးအပြီး နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောင်းဆီထွက်သီးနှံ နှမ်း၊ မြေပဲ၊ နေကြာနှင့် နွေစပါးများ စိုက်ပျိုးနိုင်ရေး မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် သွင်းအားစုများအား အချိန်မီ ရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများမှလည်း လိုအပ် သည်များ ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး အသင်းသား တောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာ အုပ်စုတွင် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ၊ နေပြည်တော်ကောင်စီခွင့်ပြု ရန်ပုံငွေတို့ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော စစ်တောင်းမြစ်ကူး ပေါင်းလောင်း-ကြို့ပင်သာ သံကူကွန်ကရစ်တံတား အရှည်ပေ ၆၀၀၊ တံတားချဉ်းကပ်လမ်း အရှည်ပေ ၉၀၀ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ပါသည်။ အဆိုပါ စစ်တောင်းမြစ်ကူး ပေါင်းလောင်း- ကြိုပင်သာ သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးပါက ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၃၇၆၇ အိမ်၊ လူဦးရေ ၁၈၀၀၀ ကျော်တို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အကျိုးပြု ပေးနိုင်မှာဖြစ်ပြီး ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်းလည်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm