Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိသီရိမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


05 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၅

ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေး  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပြီး မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းလာစေရေး၊ လူနေမှု အဆင့် အတန်းမြင့်မားပြီး စီးပွားရေး ခိုင်မာအားကောင်းသည့် ခေတ်မီစံပြကျေးရွာများ ဖြစ်ပေါ် လာစေရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာ ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ သကဲ့သို့ ဒေသနေပြည်သူများအနေဖြင့်လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝိုင်းဝန်းထိန်းသိမ်း ကြရန်လိုအပ်ကြောင်း ယနေ့ နေ့လည်ပိုင်းက  ဒက္ခိသီရိမြို့နယ် ရွာမကျေးရွာ၊ မြောက်ကျောင်းစုကျေးရွာနှင့် ညောင်ကုန်းစံပြကျေးရွာ ဒေသခံပြည်သူ များနှင့် တွေ့ဆုံစဉ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒဏ္ခိဏသီရိမြို့နယ် မြောက်ကျောင်းစုကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်း ယာယီရှင်းလင်းဆောင်သို့ရောက်ရှိပြီး ရွာမကျေးရွာနှင့် မြောက်ကျောင်းစုကျေးရွာ တို့မှ သမဝါယမအသင်းသားတောင်သူများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် သမဝါယမဦးစီးဌာန ဦးစီးမှူးက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးအထွက်နှုန်းကိစ္စရပ်များ၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံ ငွေမှ ထောက်ပံ့ခဲ့သည့် သွင်းအားစုနှင့်ညီမျှသော ငွေအတွက် သီးနှံပြန်ရောင်း၍ ပေးသွင်းသည့် အခြေအနေများအားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး က ကျေးလက်ကုန်ထုတ်လမ်း ကျောက်ရောမြေခင်းခြင်းနှင့် ရိစာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေမျာအား လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ၁ ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်း နှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ လက်ရှိ စိုက်ပျိုးနေသော စပါးမျိုးများ အပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်မှသာလျှင် တောင်သူများဝင်ငွေတိုးပွား နိုင်မည်ဖြစ်ပြီး လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ မြေ အမျိုးအစား၊ စိုက်ပျိုးရေ၊ စိုက်ပျိုး နည်းစနစ်များ အတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဓာတ်မြေဩဇာနှင့် သွင်းအားစုများ ထောက်ပံ့ပေးရာတွင် တောင်သူများ လက်ဝယ်သို့ သတ်မှတ်ထားသည့် ဈေးနှုန်းများ အတိုင်း ရောက်ရှိရေး၊ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းစေရေး၊ ထွက်ရှိလာ‌သော စပါးမျိုးများအား စာချုပ်ပါစည်းကမ်း များနှင့်အညီ အလေးချိန်၊ စိုထိုင်းစများအား သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေး၊ ဒေသပေါက်ဈေးနှုန်းအတိုင်းရရှိစေရေး၊ သက်ဆိုင်သူအားလုံးမှ စနစ်တကျ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး အသင်းသား တောင်သူများ၏ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နောက် သမဝါယအသင်းသားတောင်သူများ၏ မိုးစပါးရိတ်သိမ်းနေမှု အခြေအနေများအား လည်းကောင်း၊ စိုက်ပျိုးမြေဧက ၉၀ ကျော်အကျိုးပြုပေးလျက်ရှိသည့် မြောက်ကျောင်းစု ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ၄၈၀၀ ပေ ခင်းခြင်းလုပ်ငန်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ခေတ်မီစံပြ ကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒက္ခိဏသီရိမြို့နယ်၊ ညောင်ကုန်းစံပြကျေးရွာသို့ရောက်ရှိပြီး ကျေးရွာဘက်စုံသုံးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ဒက္ခိဏသီရိမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက ညောင်ကုန်း ကျေးရွာမှ ဟိုတယ်နောက်ကျောပတ်လမ်းအထိ ဆက်သွယ်သောလမ်း ကွန်ကရစ် ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ညောင်ကုန်းစံပြကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စိတ်တူကိုယ်တူဆန္ဒတူသူ များ စုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်း၍ စီးပွားဖြစ် လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် ကျေးရွာသူ ကျေးရွာသားများ အားလုံးပူးပေါင်း လုပ်ဆောင် ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြီး ဒေသခံများ၏ တင်ပြချက်များ အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြီးနောက် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သော ဒက္ခိဏသီရိမြို့နယ်၊ ညောင်းကုန်းကျေးရွာမှ ဟိုတယ်နောက်ကျောပတ်လမ်းအထိ အရှည်ပေ ၂၀၀၀ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးမှုအခြေအနေအားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနက ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း (Smart Village) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လမ်းဘေး ဝဲ/ယာ အုတ်စီရေမြောင်းတည်ဆောက်ခြင်းနှင့် ကျေးရွာတွင်း လမ်းသွယ်များ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm