Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများအတွက် အထွက်တိုးမျိုးစပါးများ ထောက်ပံ့ပေးအပ်


03 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင် အထည်ဖော် ဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ လှည်းကူး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် ခဲ့သော ကျောက်အိုင် - ကြာကန်စု ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုများ ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်း များအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် အိမ်ခြေ (၁၆၁၃) အိမ်၊ လူဦးရေ (၆၇၆၀) ဦး၊ စိုက်ပျိုးမြေ လယ်ဧက (၃၀၀) ကျော်နှင့် ကျေးရွာရှိ ကျောင်းသားကျောင်းသူ (၃၀၀) အတွက် အကျိုးပြုပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ်၊ ခရောင်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာခန်းမ၌ နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်း (၆) မှ အသင်းသားတောင်သူ (၁၅၀) ဦး၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် တိုင်းဒေသကြီး သမဝါယမဦးစီးမှူးက နွေစပါးစိုက်ပျိုးမည့် စီမံကိန်းလျထားချက် လုပ်ငန်းများအား ရှင်းလင်း တင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသားတောင်သူများအနေဖြင့် အထွက်တိုးမျိုးစပါးများ အသုံးပြုရေး၊ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရေးတို့ကို လိုက်နာဆောင်ရွက်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းများကို တိတိကျကျ အားထည့်ကြိုးပမ်း ဆောင်ရွက်ကြရန်၊ တစ်သီးမှ နှစ်သီး၊ သီးထပ်စွမ်းအား တိုးမြှင့်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ တွန်းအားပေး ပံ့ပိုးဆောင်ရွက်နေသကဲ့သို့ တောင်သူများကလည်း ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ သမဝါယမချေးငွေများနှင့် စိုက်ပျိုးရေး ဘဏ် ချေးငွေများကိုလည်း တာဝန်သိမှုဖြင့် အပြေအကျေ ပြန်ဆပ်ကြရန် တိုက်တွန်းမှာကြားသည်။ 

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးက တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စပါး စနစ်တကျစိုက်ပျိုးနိုင်ရေး စပါးအစေ့ချစက် Seeder များအား သက်သာ သောနှုန်းထားဖြင့် ထောက်ပံ့ ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများ၊ စိုက်ပျိုးရေး ကုန်ကျစရိတ်သက်သာပြီး ပင်ကြားတန်းကြား ညီညီညာညာ စိုက်ပျိုးနိုင်မည့်အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်တာဝန်ရှိသူမှ စိုက်ပျိုးနည်းစနစ်များနှင့် ပတ်သက်ပြီး ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးတို့က စိမ်းလဲ့ဦး စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်းနှင့် စိန်ရွှေထွန်း စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းတို့ရဲ့ လယ်မြေ (၄၁၄) ဧက အတွက် GW-11 မျိုးစပါးအိတ် (၄၁၄) အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှည်းကူးမြို့နယ်၊ ဝါးယားကုန်းကျေးရွာသို့ သွား ရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ဌာနနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်သော ရွာတွင်း လမ်းအရှည် ပေ (၆၄၀) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှု တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပြီး ဆောင်ရွက်ပြီးသော ကျေးရွာအခြေခံအဆောက်အဦများကို ပိုင်ရှင်စိတ်ဓာတ်ဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဥပဒေနှင့်အညီ ရေရှည်တည်တံ့သုံးစွဲနိုင်ရေး၊ ကျေးရွာနေပြည်သူများနှင့် ဆိုင်ရာ ကော်မတီများမှ ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့သည်ဟု သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm