Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး နောင်ကား၊ ဆီဆိုင်၊ ဆိုက်ခေါင်၊ နောင်မွန်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


26 Nov,2023

နေပြည်တော် နိုဝင်ဘာ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာသို့ သွားရောက်ပြီး တောင်ကြီးမြို့နယ်သမဝါယမအသင်းစု၏ အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသော “ခမ်း”ရတနာ နွားမွေးမြူရေးနှင့် အထွေ ထွေသမဝါယမအသင်းအား ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အသင်း ပိုင် ဒေသနွား (၄၂) ကောင် မွေးမြူထားမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ  ရှင်းလင်း တင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက စုဆောင်းရရှိထားသော နွားချေးများကို သဘာဝ မြေဩဇာအဖြစ် ထုတ်လုပ်သုံးစွဲရန်၊ နွားစာမြက် (၁၀) ဧက စိုက်ပျိုးမှုကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်၊ အသင်းအနေဖြင့် ဝက်မျိုးကောင်းမျိုးသန့်များကိုပါ မွေးမြူနိုင်ရေး ညှိနှိုင်းဆောင်ရွက် သွားရန် မှာကြားကာ အသင်းသားများ၏ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးသို့သွားရောက်ပြီး ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင် ရွက်ကြရေး၊ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က အလေးထား ဆောင် ရွက်ရေး မှာကြားသည်။ ဆက်လက်ပြီး ဒေသဦးစီးဥက္ကဋ္ဌက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းပြောကြား သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် ဒေသဦးစီးဥက္ကဋ္ဌတို့သည် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာရှိ ဦးကျော်ကိုကိုထိုက်၏ ဒိုလိုမိုက်နှင့် ဂျစ်ပဆန်အခြေခံ မိုင်းစိတ် သဘာဝမြေဩဇာစက်ရုံသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ရာ လုပ်ငန်းရှင် ဦးကျော်ကိုကိုထိုက်က မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် တစ်ရက်လျှင် ၂၅ ကီလို အိတ် ၁၀၀၀ ထုတ်လုပ်၍ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများထံ ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးနှင့် ဒေသဦးစီးဥက္ကဋ္ဌတို့က လုပ်ငန်းအောင်မြင်ရေး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း ကြည့်ရှုလေ့လာခဲ့သည်။

 ထို့နောက် ဒုတိယဝန်ကြီးနှင့် ဒေသဦးစီးဥက္ကဋ္ဌတို့သည် ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာသို့ ရောက်ရှိပြီး သမဝါယမဦးစီးဌာန၏ Pilot Project အဖြစ် ရွှေပဒေသာ လယ်ယာ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းက မိုးစပါး (၁၅၀) ဧက စိုက်ပျိုးခဲ့သည့် အသင်းသားများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အသင်းလုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ သဘာဝမြေဩဇာများ ပေါင်းစပ်အသုံးပြုရေး၊ ဆောင်းသီးနှံ နေကြာနှင့် မြေပဲကို တိုးချဲ့စိုက်ပျိုးရေး၊ မှာကြားသည်။ ယင်းနောက် အသင်းသားများက ဝက်မွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်လိုမှု တင်ပြချက်အပေါ်  ဒုတိယဝန်ကြီးနှင့် ဒေသဦးစီးဥက္ကဋ္ဌတို့က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးသို့ သွားရောက်ကာ ဦးစီးဌာန (၄) ခုမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဒုတိယဝန်ကြီးသည် ယင်းနေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့ သွား‌ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်အား တွေ့ဆုံကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပင်လောင်းဒေသ၊ ပင်းတယဒေသ၊ ဟဲဟိုးဒေသ၊ တောင်ကြီးမြို့နယ် နောင်ကားဒေသများ၌ မွေးမြူရေးသမဝါယမ အသင်းများ ဖွဲ့စည်း၍ ဒေသနွားမျိုးများ မွေးမြူထားရှိမှုအခြေအနေ၊ ဝက်မျိုးကောင်းမျိုးသန့်များ တိုးချဲ့မွေးမြူရေး ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm