နေပြည်တော် နိုဝင်ဘာ ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ ၂၃ ရက် နေ့၊ နံနက်ပိုင်းက ပင်လောင်းမြို့နယ်၊ နောင်မွန်းကျေးရွာသို့ သွားရောက်ပြီး ရှမ်းပြည်နယ်သမဝါယမ အသင်းစုချုပ်၏ အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် ဆောင်ရွက်နေသော ရွှေတက်တိုးသမဝါယမအသင်း ၏ နွားမွေးမြူရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက အသင်းပိုင်နွားကောင်ရေ (၃၀) မွေးမြူထားရှိမှုနှင့် တိုးပွားလာမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နွားစာအတွက် အဲဗားဂရင်းမြက် နေဗီယာမြက် များ တိုးချဲ့စိုက်ပျိုးရန်၊ ဒေသနွားမျိုးအပြင် နိုင်ငံခြားမျိုးများ သားစပ်ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ ဝက်မွေးမြူရေး လုပ်ငန်းကိုပါ တိုးချဲ့ဆောင်ရွက်၍ မျိုးကောင်းမျိုးသန့်ရရှိရေး၊ မွေးမြူရေးသမဝါယမအသင်း ဖွဲ့စည်း ဆောင်ရွက်ရေး မှာကြားသည်။ ဆက်လက်ပြီး ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များကို ရှင်းလင်းမှာကြားသည်။ ယင်းနောက် အသင်းသားများ၏ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နောင်တရားမြို့ရှိ နောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ သဘာဝမြေဩဇာစက်ရုံသို့ ရောက်ရှိရာ အသင်းဥက္ကဋ္ဌ ဦးခွန်ဆန်းဦးက စက်ရုံတည်ဆောက်ပြီးစီးမှုအခြေအနေ၊ စမ်းသပ်လည်ပတ်၍ သဘာဝမြေဩဇာများ ထုတ်လုပ်နေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သဘာဝမြေဩဇာ ထုတ်လုပ်ခွင့်လိုင်စင်ရရှိရေးကိစ္စ၊ ကုန်ကြမ်းရရှိရေးကိစ္စများနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း သဘာဝမြေဩဇာ ထုတ်လုပ်နေမှုအား လိုက်လံကြည့်ရှုခဲ့သည်။ အဆိုပါစက်ရုံသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ နောင်တရားအမှတ်တံဆိပ်ဖြင့် သဘာဝမြေဩဇာများ စမ်းသပ်ထုတ်လုပ်ကာ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းဒေသမှ အာလူးစိုက်တောင်သူများအတွက် အိတ်ရေ ၂၀၀၀ နှင့် ကလောမြို့နယ်၊ ဟဲဟိုးဒေသ အားလူးစိုက်တောင်သူများအတွက် အိတ်ရေ ၃၀၀၀ ပို့ဆောင်ပေးထားပြီးဖြစ်ကြောင်း၊ တစ်ရက်လျှင် ၅၀ ကီလို အိတ် ၈၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အိတ်ရေ ၁ သိန်း ထုတ်လုပ်သွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ အာလူး Tissue Culture မျိုးပွားရေးလုပ်ငန်းအတွက် Green House ဖြင့် စမ်းသပ်စိုက်ပျိုးထားသော သုတေသနလုပ်ငန်းအား ကြည့်ရှုအားပေးခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာသို့ သွားရောက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ထွန်းတောက်ကြယ် မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ နွားကောင်ရေ (၄၄) ကောင် မွေးမြူဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး၊ သရက်ကုန်းရွာတွင် ယွန်းလျှံလယ်ယာအထောက်အကူပြု ကုမ္ပဏီက စိုက်ပျိုးထားသော အဲဗားဂရင်းမြက်များကို နွားစာအတွက် အသုံးပြုရန်၊ ဝက်မျိုးကောင်း မျိုးသန့်များ မွေးမြူရန် ညှိနှိုင်းမှာကြားခဲ့သည်။ ဆက်လက်ပြီး ဒေသဦးစီးဥက္ကဋ္ဌက နွားမွေးမြူရေးနှင့် ဝက်မွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်ရန်အတွက် လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် ဒေသဦးစီးဥက္ကဋ္ဌတို့သည် ပင်းတယမြို့နယ်၊ ဝါတရာကျေးရွာ ရှိ ဝါတရာ နွားမွေးမြူရေးသမဝါယမအသင်းလီမိတက်၏ နွားကောင်ရေ (၁၁၀) ကောင် မွေးမြူ ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကလောမြို့နယ်၊ ဝါးရုံပင်ကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော နေဗီယာ မွေးမြူရေးသမဝါယမအသင်း၏ ဒေသနွားကောင်ရေ (၆၂) ကောင် မွေးမြူဆောင်ရွက်နေမှု အခြေအနေ၊ စွန့်ပစ်နွားချေးများအား စုဆောင်း၍ သဘာဝ မြေဩဇာအဖြစ် အသုံးပြုမှု၊ သီးနှံစိုက်ခင်းများသို့ ရောင်းချပေးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ကာ အသားတိုးဝက် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ လက်ရှိနွားမွေးမြူရေးလုပ်ငန်း ကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရန်၊ နွားစာအတွက် နေဗီယာမြက်စိုက်ပျိုးနေမှုကို တိုးချဲ့ဆောင်ရွက်သွားရန် မှာကြားပြီး ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အေးသာယာစက်မှုဇုန်ရှိ တောင်ကြီးမြို့နယ် သမဝါယမ အသင်းစုပိုင် “မြမဉ္ဇူ” ဆီစက်သို့ ရောက်ရှိပြီး အသင်းအမှုဆောင်များနှင့် တွေ့ဆုံကာ စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်ရေး၊ ကုန်ကြမ်းရရှိရေး၊ စားအုန်းဆီများ တင်သွင်းနေရမှုကို လျှော့ချနိုင်ရေး အတွက် ဆီထွက်သီးနှံ စိုက်ပျိုးရေးတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။