Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


21 Nov,2023

နေပြည်တော် နိုဝင်ဘာ ၂၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နေ့လယ်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော သာဂလ- သန့်ဇင်လှ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လက်ရှိလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များနှင့် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက သာဂလ၊ သန့်ဇင်လှ ကျေးရွာအပါအဝင် ကျေးရွာ သုံးရွာရှိ အိမ်ခြေ ၁၃၅၆ အိမ်၊ လူဦးရေ ၄၁၈၀ ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများအတွက် အကျိုးပြုပေးနိုင်မှာဖြစ်ပြီး ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်း လုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်း ပြည့်မီစွာ အချိန်မီပြီးစီးရေးကြီးကြပ် ဆောင်ရွက်ကြရန်နှင့် ကျေးရွာသူကျေးရွာသားများအနေဖြင့် လမ်းရေရှည်တည့်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားပြီး ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် လမ်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သမဝါယမစနစ်ဖြင့် ဆောင်ရွက်နေသော ပုဗ္ဗသီရိမြို့နယ် သပြေစမ်းကျေးရွာနေ တောင်သူ ဦးအောင်ခိုင်၏ မိုးစပါးရိတ်သိမ်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက GW-11 မိုးစပါးမျိုး အနေဖြင့် တစ်ဧကလျှင် စပါးတင်းရေ ၁၁၈ တင်းထွက်ရှိကြောင်း၊ GW-18 စပါးမျိုး အနေဖြင့် စပါးတင်းရေ ၁၀၀ ထွက်ရှိကြောင်း ရှင်းလင်းတင်ပြကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ ကျေးရွာရေပေးရေးကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖ များနှင့်တွေ့ဆုံရာ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက သပြေစမ်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ယခု ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၇၈)ဦးနှင့် တစ်ပိုင်တစ်နိုင်အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ(၆)ဦး စုစုပေါင်း အသင်းသား (၈၄)ဦးတို့အား ချေးငွေများထုတ်ချေးကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှ သမဝါယမစနစ်ဖြင့် ကျေးရွာတောင်သူများအား သွင်းအားစုရရှိရေးနှင့် နည်းပညာရရှိရေးလုပ်ငန်း များအား ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများအတွက် မြစိမ်းရောင်စီမံကိန်းမှ အရင်းအနှီး များရရှိပြီဖြစ်၍ အောင်မြင် အောင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သတ်မှတ်စည်းကမ်းများ နှင့်အညီ ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလအတွင်း သတ်မှတ်အရင်း၊ အတိုးများအား မပျက်မကွက်ပေးသွင်းကြရန် လိုအပ်ကြောင်း၊ ချေးငွေများ ပြန်လည်ပေးဆပ်မှသာ ပြန်လည် ထုတ်ချေးပေးနိုင်မှာဖြစ်ကြောင်း၊ စီမံကိန်းမှ ရရှိလာသည့်အတိုးငွေများဖြင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာ အဝင်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသော အိမ်တိုင်ရာရောက် ရေမီတာစနစ်သုံး ရေပေးဝေရေးလုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စု ဝန်ကြီးက ကျေးရွာ ရေကော်မတီအနေဖြင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးရွာသူကျေးရွာသားများ တတ်နိုင်သောနှုန်းဖြင့် ရေခွန်ရေခကောက်ခံ သွားရန်နှင့် ရေပေးဝေရေးလုပ်ငန်းများ ရေရှည်တည်တံ့ ကောင်းမွန်အောင် ကျေးရွာရေကော်မတီမှ ဝိုင်းဝန်းထိန်းသိမ်းကြရန်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm