Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


17 Nov,2023

နေပြည်တော် နိုဝင်ဘာ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ဆောက်လုပ်ရေးရိပ်သာ အစည်းအဝေးခန်းမ၌ ဖြူးမြို့နယ် လူငယ့်အားမာန်သမဝါယမအသင်းနှင့် ညောင်လေးပင်မြို့နယ် ရဲနွယ်ကုန်ထုတ်သမဝါယမအသင်း အမှုဆောင်များ၊ အသင်းသား တောင်သူများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် အသင်းအမှုဆောင် များက အသင်းသားတောင်သူ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးအထွက်နှုန်းကိစ္စရပ်များ၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံ ငွေမှ ထောက်ပံ့ခဲ့သည့် သွင်းအားစုနှင့်ညီမျှသော ငွေအတွက် သီးနှံပြန်ရောင်း၍ ပေးသွင်းသည့် အခြေအနေများ၊ ဆောင်းပဲနှင့် နွေစပါးစိုက်ပျိုးမည့် အစီအမံများအား ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၁ ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ခဲ့ပါကြောင်း၊ လက်ရှိ စိုက်ပျိုးနေသော စပါးမျိုးများအပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ တစ်ဧက အထွက်နှုန်း တိုးတက်မှသာလျှင် တောင်သူများ ဝင်ငွေတိုးပွားနိုင်မည် ဖြစ်ပြီး လိုအပ်သည့် စိုက်နည်းစနစ် အတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပန်းတိုင်းအထွက်နှုန်းအတိုင်း အထွက်တိုးမှုများ ရှိသလို အချို့ဒေသများတွင် အထွက်တိုးမှု မရှိတာကိုလည်း တွေ့ရှိရပါကြောင်း၊ သတ်မှတ် အထွက်နှုန်း မထွက်ရှိပါက မည့်သည့်အတွက်ကြောင့် မထွက်ရှိတာကိုလည်း အဖြေရှာမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးသည့် စပါးမျိုး၊ မြေအမျိုးအစား၊ စိုက်နည်းစနစ်၊ သွင်းအားစု မည့်သည့် အတွက်ကြောင့် ဖြစ်ရခြင်းအကြောင်းအရင်းကို ဖော်ထုတ်ပြီး လာမည့်နွေရာသီ၊ မိုးရာသီးမှ ပြုပြင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလ အတွင်း အပြေအကြေ ပေးသွင်းကြရန် တိုက်တွန်းမှာကြားပြီး အသင်းသား တောင်သူများ၏ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိသော ပဲခူးမြို့နယ်၊ ဘောနတ်ကြီး- ကင်းချောင်းလမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း ခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ကျေးရွာ ချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးပါက ဘောနတ်ကြီး၊ ကင်းချောင်း ကျေးရွာ အပါအဝင် ကျေးရွာ ၁၀ ရွာရှိ အိမ်ခြေ ၂၃၄၂ အိမ်၊ လူဦးရေ ၁၅၉၇၂ ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများအတွက် အကျိုးပြုပေးနိုင်မှာဖြစ်ပြီး ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်း လုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်း ပြည့်မီစွာ အချိန်မီပြီးစီးရေး ကြီးကြပ် ဆောင်ရွက်ကြရန်၊ ကျေးရွာသူကျေးရွာသားများသာမက တာဝန်ရှိသူအားလုံး ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည့်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားပြီး ကျေးရွာ များ၏ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် ပဲခူးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ဝန်ထမ်း များနှင့် တွေ့ဆုံကာ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို  စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဝန်ထမ်း ကျင့်ဝတ်များနှင့်အညီ လိုက်နာနေထိုင်ပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန် လိုအပ်ကြောင်း ခဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးပါ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ တပ်ကလေးမြောက်စုကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာ ထည့်ဝင်ငွေ ကျပ်သိန်း ၇၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  ကျေးရွာတွင်း လမ်း အရှည်ပေ ၇၄၀ ၊ အကျယ် ၁၂ ပေ၊ အမြင့်ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်း၊ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေး တွန်းအားပေးဆောင်ရွက်ရန်နှင့် ကျေးရွာသူ ကျေးရွာသားများ သာမက တာဝန်ရှိသူအားလုံး ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည် တည့်တံ့ ခိုင်မြဲရေး ဝိုင်းဝန်း ထိန်းသိမ်းကြရန် မှာကြားပြီး ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးမြို့နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လေ့ကျင့်ရေးစင်တာသို့ ရောက်ရှိကာ သင်တန်းသား (၁၈)ဦးဖြင့် ဖွင့်လှစ်ပို့ချ လျက်ရှိသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်း သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ပို့ချနေမှုများအား ကြည့်ရှုအားပေးကာ သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးက ကျွမ်းကျင်သူ ငါးဦးကို ရွေးချယ်ပြီး ရေရှည်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရေးအတွက် လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm