Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားများအား ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပ


18 Jun,2022

နေပြည်တော် ဇွန် ၁၇

မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) ၌ ကျင်းပပြုလုပ် ပါသည်။

ရှေးဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြီး အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင် စုဝန်ကြီး ဦးလှမိုးနှင့် ဒုတိယဝန်ကြီးတို့က ဦးစီးဌာနများသို့ ပျိုးပင်များ ပေးအပ်ကာ ပြည်ထောင်စု ဝန်ကြီးဦးလှမိုး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ရတနာတန်းဝင် ကျွန်းပင်များကို စိုက်ပျိုးကြပါသည်။ ဆက်လက်၍ ဦးစီးဌာနများမှ ဝန်ထမ်းများက မိမိတို့သတ်မှတ် နေရာများတွင် နေရာယူကာ ပျိုးပင်များအား စိုက်ပျိုးကြပါသည်။ ဝန်ကြီးဌာနအနေဖြင့် ယခင်နှစ် များတွင် ကျွန်းပင်နှင့် ပျဉ်းကတိုးပင်ပေါင်း (၂၇၀) ပင်အား ပေါင်းသင်မြက်ရှင်းကာ ယခုနှစ်တွင် ရတနာတန်းဝင် ကျွန်း၊ မဟော်ဂနီနှင့် စွယ်တော် ပျိုးပင်ပေါင်း (၅၀၀) အား စိုက်ပျိုးခဲ့ကြပါသည်။

ဆက်လက်၍ ဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများက ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ (၁၀,၀၀၀)၊ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၁၀,၀၀၀) နှင့် ထိုင်းငါးခုံးမကြီး သားပေါက်ကောင်ရေ (၃၀၀)၊ စုစုပေါင်း ငါးမျိုးစိတ် (၃) ခု၏ ငါးသားပေါက်ကောင်ရေပေါင်း (၂၀,၃၀၀) ကို ဝန်ကြီးဌာနရုံးဘေးရှိ ငါးမွေးမြူရေးကန် (၄) ကန်အတွင်းသို့ စိုက်ထည့်ခဲ့ကြပါသည်။

ထို့နောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများအတွက် အမှတ်တရလက်ဆောင်၊ ဆန်နှင့်စားသုံးဆီများ ထောက်ပံ့ခြင်း၊ ဝန်ထမ်းသားသမီးများအတွက် ကျောင်းဝတ်စုံများ ထောက်ပံ့ခြင်း အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကား ပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် အသစ်စတင်ဖွဲ့စည်းပေးခဲ့ပြီး ယနေ့တွင် (၁) နှစ်ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ အတိတ်ကာလက ဖြစ်ရပ်များကို သင်ခန်းစာယူ၍ ယခု မိမိတို့လက်ထက်တွင် သမဝါယမ လုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အောင်မြင်ရေးအတွက် အထူးအလေးထားကာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဤသို့ဆောင်ရွက်ရာတွင်လည်း ဦးစီးဌာနတစ်ခုချင်း ဆောင်ရွက်သည်ထက် ဦးစီးဌာန (၃) ခုမှ ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစွာဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်များအား ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ရယူနိုင်မည်ဖြစ်ကာ ဤလုပ်ငန်းများသည်လည်း ကုသိုလ်ရသည့်လုပ်ငန်းများ ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးက ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန(၃)ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအပါအဝင် တက္ကသိုလ် (၂)ခုတို့မှ ဝန်ထမ်းစုစုပေါင်း (၁၁၆၉၆) ဦးအတွက် တီရှပ်များနှင့် ဝန်ကြီးဌာန(ရုံးချုပ်)ရှိ ဝန်ထမ်း (၇၇၄) ဦးအတွက် ဆန်အိတ်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန (ရုံးချုပ်) (၃) ခုတို့မှ ဝန်ထမ်းသားသမီး (၃၉၅) ဦးတို့အတွက် ကျောင်းဝတ်စုံနှင့် ဝန်ထမ်း (၁၁၄၆) ဦးတို့အတွက် စားသုံးဆီများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အဲဒီနောက် ဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားတော်နာယူသည့် အခမ်းအနားကို ဆက်လက်ကျင်းပရာ သီရိဂန္ဓမာသပြေအေးမိုးကုတ်ဝိပဿနာရိပ်သာကျောင်းတိုက်၊ ပဓာဏနာယကဆရာတော် အရှင်ဂန္ဓမာလာထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော်အရှင်သူမြတ်များ ထံမှ ပရိတ်တရားတော်များ နားယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ ရေစက် သွန်းချ အမျှပေးဝေခြင်းနှင့် ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm