ချောက် နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ မြို့ပြနှင့်ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ သုံးဆင့်-ဆူးပုတ်တန်းလမ်း၌ မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုကို နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များ၊ ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းထွဋ်နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများက ကျေးရွာကော်မတီဝင်များနှင့်အတူ သုံးဆင့်- ဆူးပုတ်တန်းလမ်း၌ မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းထွဋ် က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားခဲ့ပြီး ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ချောက်မြို့နယ် သုံးဆင့်-ဆူးပုတ်တန်းလမ်း၌ အရှည် ပေ ၁၇ဝ၊ မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ် ဩဂုတ်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် ကျေးရွာရှစ်ရွာမှ အိမ်ခြေ ၁၂ဝဝ နှင့် လူဦးရေ ၄ဝဝဝ တို့ သွားလာအသုံးပြုနေသော လမ်းကို ချောင်းရေတိုက်စားမှုဒဏ်မှ ကင်းဝေးပြီး ရာသီမရွေးသွားလာရ အဆင်ပြေနေပြီဖြစ်ကြောင်း သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်