နေပြည်တော် နိုဝင်ဘာ ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေပေးအပ်ပွဲနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော အခြေခံစက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရသင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေကျပ် သိန်း (၁၅၀) နှင့် ထူးချွန်ဆုရသင်တန်းသူများအား အပ်ချုပ် စက်၊ ဘီတင်စက်အပါအဝင် လုပ်ငန်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ရာ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ခတ္တူ-ခုံကြီး-ခြောက်ဆယ်-ရိုးကြီးလမ်းပေါ်ရှိ ခုံကြီး ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်း လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါတံတား တည်ဆောက် ပြီးစီးပါက လေးမျက်နှာ ပန်းတောကြီးလမ်းမှတစ်ဆင့် ပုသိမ်-မုံရွာ ကားလမ်းမကြီးသို့ ဆက်သွယ် သွားလာနိုင်မည် ဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသော သမိုင်းဝင် စတုမုခထူပါရုံစေတီတော်ကြီး၏ ငဝန်မြစ် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေကို ကြည့်ရှုခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ခတ္တူ-ထူပါရုံလမ်း အရှည် ၁ မိုင် ကျောက်ချောခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာသို့ သွား ရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ရန်ပုံငွေပေးအပ်ပွဲနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော မော်တော်ဆိုင်ကယ်ပြင်သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသားများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ပန်းတောကြီးဒေသ၌ ဝါးအခြေခံလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး မှာကြားကာ စီမံကိန်းရန်ပုံငွေနှင့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ တည် ဆောက်နေသော စောပြာ-လှော်ကထားလမ်းပေါ်ရှိ စိန်တောင်ကျေးရွာ သံကူကွန်ကရစ်တံတား လုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် လှော်ကထားတိုက်နယ်ဆေးရုံသို့ သွားရောက်ကြည့်ရှု ခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ်၊ လက်သမား(ကရင်)ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ရန်ပုံငွေပေးအပ်ပွဲသို့ တက်ရောက်ကာ လက်သမား(ကရင်)ကျေးရွာနှင့် ကုန်းကြီး ကျေးရွာ ၂ ရွာတို့အတွက် စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၅၀)စီ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်း နောက် ကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပိန်းအင်းကျေးရွာအုပ်စု၊ ရုံးတောကျေးရွာသို့ သွားရောက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော တောင်သူ ဦးမိုးနိုင်ဦး၏ ပီလောပီနံ စိုက်ဧက (၃၀) အား ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။