Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ် ကန်တောင်အုပ်စု၊ မုန်ပင်ဆည်ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး


10 Nov,2023

မန္တလေး နိုဝင်ဘာ ၁၀

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကန်တောင်အုပ်စု၊ မုန်ပင်ဆည်ကျေးရွာ၌ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများမှ မိတ္ထီလာမြို့နယ်၊ ကန်တောင်အုပ်စု၊ မုန်ပင်ဆည် ကျေးရွာ ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ် ဆေးပြီးနောက် မြို့နယ်ဦးစီးမှူးမှ ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မ တီဝင်များနှင့်တွေ့ဆုံပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

          မိတ္ထီလာမြို့နယ် ကန်တောင်အုပ်စု၊ မုန်ပင်ဆည်ကျေးရွာ လမ်းအရှည်၈၈၀ပေ၊ အကျယ်၁၂ပေ၊ အမြင့် ၆လက်မထုရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေကျပ် (၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေ(၅.၆)သန်း၊ စုစုပေါင်းငွေကျပ်(၂၀.၆၀)သန်းဖြင့် မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ နည်းပညာကူညီပံ့ပိုးကာ ကျေးရွာသူ/သားများ ကိုယ်တိုင် ယခုနှစ်စက်တင်ဘာလ ပထမအပတ်ကစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ (၉၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။

          အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက မုန်ပင်ဆည်ကျေးရွာရှိအိမ်ခြေ(၆၈)၊ အိမ် ထောင်စု(၇၅)၊ လူဦးရေ(၃၉၅)ဦးတို့ ရာသီမရွေးသွားလာရေးအဆင်ပြေလွယ်ကူမည် ဖြစ်ပြီး လူမှုရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင်လည်း အကျိုးပြုသွားမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းမှ ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm