Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စွမ်းဆောင်ရည်မြှင့်မားရေးနှင့် အသိပညာပြန့်ပွားရေးမှသည် လက်တွေ့အသုံးချရေးဆီသို့


10 Nov,2023

စွမ်းဆောင်ရည်မြှင့်မားရေးနှင့် အသိပညာပြန့်ပွားရေးမှသည် လက်တွေ့အသုံးချရေးဆီသို့

(ကျေးလက်ညိုညို)

ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး

          ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင် လျက်ရှိပါသည်။ ထိုသို့လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဟုဆိုရာတွင် နိုင်ငံအတွင်းရှိ ပြည်သူများအားလုံးနှင့် သက်ဆိုင်သဖြင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများ၊ ပြည်သူအားလုံးကို လေ့ကျင့်သင်ကြားရမည်ဖြစ်ပါသည်။

          သို့ဖြစ်ရာ အစိုးရဌာနဆိုင်ရာဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေးသည် အခြေခံအကျဆုံးဖြစ်၍ နိုင်ငံတော်အနေနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသိပညာပြန့်ပွားရေးကို အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်၊ ဌာနအကြီးအမှူးများ အဆင့်အထိ အဆင့်ဆင်လေ့ကျင့်သင်ကြားပေးခြင်းတို့ ဆောင်ရွက်လျှက်ရှိပါသည်။

စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသိပညာပြန့်ပွားရေး သင်တန်းများသည် ဌာနဆိုင်ရာ ဝန်ထမ်းများ စွမ်းဆောင်ရည်အသိပညာ စဉ်းစားတွေးခေါ်ဆုံးဖြတ်မှုတို့ကို မြှင့်တင် ပေးပါသည်။ ထို့ပြင်မိမိဌာန ဝန်ထမ်းများအား အသိပညာပြန့်ပွားရေးအတွက် ပြန်လည် မျှဝေနိုင်ရုံသာမက လက်တွေ့အသုံးချခြင်းဖြင့် မိမိဌာနလုပ်ငန်းခွင်ဖွံ့ဖြိုး တိုးတက်စေနိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုထိ စွမ်းဆောင်နိုင်မည်ဖြစ်ပေသည်။

          အချို့ဝန်ထမ်းများသည် သင်တန်းတက်ရောက်ရန် ငြင်းဆန်လိုကြသည်။ မိမိ မရှိလျှင် လုပ်ငန်းတာဝန်များအခက်အခဲဖြစ်ပေါ်နိုင်သည်ကို စိုးရိမ်၍လည်းကောင်း၊ အချို့မှာ ဝန်ထမ်းမှ သင်တန်းတက်ရောက်လိုသော်လည်း ဌာနကအကြောင်းကြောင်းကြောင့် စေလွှတ်မှု မရှိ၍လည်းကောင်း၊ သင်တန်းတက်ရောက်ရန် အခွင့်အရေး မရသည်များလည်း ကြားသိ ရပါသည်။ မည်သည့် ဌာန၊ မည်သည့် လုပ်ငန်းခွင်တွင်မဆို ဝန်ထမ်းတစ်ဉီးသည် ရုတ်တရက် ကွယ်လွန်ခြင်း၊ လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိသည့်အခြေအနေထိ ကျန်းမာရေး ဆိုးရွားသွားခြင်း၊ ပင်စင်ယူခြင်းတို့ကြုံတွေ့ရမည်ဖြစ်သဖြင့် ဤသို့သော အခြေအနေများတွင် လုပ်ငန်းခွင်တွင် ကျန်ရှိသူနှင့်သာ အလုပ်ဖြစ်အောင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိလုပ်ငန်းတာဝန်ဆောင်ရွက်မှုအား အထောက်အကူဖြစ်စေမည့်သင်တန်းများ တက်ရောက် ခြင်းကို ကိုယ်တိုင်ကျေနပ်စွာလက်ခံနိုင်ရမည်ဖြစ်သကဲ့သို့မိမိလက်အောက်လုပ်ဖော်ကိုင်ဖက်၊ မိမိအထက်ဝန်ထမ်းများ သင်တန်းတက်ရောက်ရေးကို အားပေးကူညီရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်မ၏ဝန်ထမ်းဘဝတစ်လျှောက် တက်ရောက်ခဲ့ဖူးသော သင်တန်းများနှင့် လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ပုံ အကျိုးရှိပုံတို့ကို မျှဝေလို၍ ဤဆောင်းပါးကို ရေးသားတင်ပြခြင်းဖြစ်ပါ သည်။

စည်ပင်ဦးစီးဌာနဝန်ထမ်းဘဝနှင့် သင်တန်းအတွေ့အကြုံများ

          ကျွန်မသည် သင်တန်းတက်ရောက်ရခြင်းကို လွန်စွာစိတ်ဝင်စားသူတစ်ဉီးဖြစ်ပြီး မိမိဝန်ထမ်းသက်တစ်လျှောက် (၃၅)နှစ်နီးပါးခန့် တက်ရောက်ခဲ့ရသည့် သင်တန်းများကို ပြန်လည် စဉ်းစားကြည့်သောအခါ နေရာဒေသ၊ အတွေ့အကြုံနှင့် ဘာသာရပ်များမတူ ကွဲပြားသည်ကို အောက်ပါအတိုင်း တွေ့ရှိိရပါသည်-

စာရင်းစစ်ချုပ်ရုံး၊ လေ့ကျင့်သင်ကြားရေးနှင့်သုတေသနဌာနတွင် (၂၇-၄-၁၉၉၂) မှ (၃၁-၇-၁၉၉၂)အထိ ဖွင့်လှစ်ခဲ့သည့် စာရင်းစစ်များလုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၂)၊ ဤသင်တန်းကို တက်ရောက်ခြင်းအားဖြင့် ဦးစီးဌာနများ၊ စီးပွားရေးအဖွဲ့အစည်းများ၏ စာရင်းထားသိုနည်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်းများ၊ အစိုးရဌာန အဖွဲ့အစည်း အသီးသီးအား စာရင်းစစ်ဆေးရမည့် လုပ်ငန်းလမ်းညွှန်များ သိရှိခဲ့ရပြီး စာရင်းစစ် တာဝန် ထမ်းဆောင်စဉ်မှ ယနေ့အထိ အသုံးချလျှက်ရှိပါသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)၌ (၃-၅-၁၉၉၆) မှ (၃-၆-၁၉၉၆)အထိ  ဖွင့်လှစ် ခဲ့သည့် အရာရှိကြီးများအထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂)၊ စည်ပင်သာယာရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန တွင် စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုစသည့် ဘာသာရပ်များအဖြစ် အခြေခံစစ်ရေးပြ၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်အောင်လက်တွေ့လေ့ကျင့်ပေးမှုများ လေ့လာခဲ့ရပါသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၌(၁၅-၃-၁၉၉၉) မှ (၈-၄-၁၉၉၉)အထိ ဖွင့်လှစ်ခဲ့သည့် ဘဏ္ဍာရေး စည်းမျဉ်းအထူး သင်တန်းအမှတ်စဉ်(၈)၊ ဤသင်တန်းတွင် စည်ပင်သာယာရေးအဖွဲ့များ၏ သာမန်စာရင်းရှင်၊ ငွေလုံးငွေရင်းစာရင်းရှင်၊ ငွေရေးကြေးရေးစာရင်းရှင်အရပ်ရပ် အခွင့်အရေးလိုင်စင်စာရင်းရှင်များ ဖွင့်လှစ်ဆောင်ရွက်မှု၊ ပုံစံစည်ပင်များဖြင့် ငွေစာရင်းထိန်းသိမ်းဆောင်ရွက်မှု၊ စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေ သုံးငွေ ဘတ်ဂျက်ရေး ဆွဲဆောင်ရွက်မှုများ လေ့လာသိရှိခဲ့ရပါသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)၌ (၂၂-၆-၁၉၉၉)မှ(၂၄-၉-၁၉၉၉)အထိ ဖွင့်လှစ်ခဲ့ သည့် အခြေခံဝန်ထမ်းလောင်းသင်တန်းအမှတ်စဉ်(၁၅၀)၊ ဤသင်တန်းတွင် ဝန်ထမ်း စည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စီးပွားရေးဘာသာရပ်၊ စီမံခန့်ခွဲရေးဘာသာရပ်တို့ ပါဝင်ခဲ့ပြီး ထူးခြားချက်မှာ အခြေခံစစ်ရေးပြ ဘာသာရပ်တွင် စစ်ကြောင်းပုံဖြင့် ချီတက် အလေးပြုသည် အထိ သင်ကြားလေ့ကျင့်ပေးခဲ့ခြင်းဖြစ်ပါသည်။ သေနတ်ပစ်လေ့ကျင့်မှု ပါဝင်သည့်အပြင် ရိက္ခာပစ္စည်းအပြည့်အစုံဖြင့် ချီတက်ခြင်းတို့လည်း ပါဝင်ပေသည်။ ငယ်စဉ်ကဘင်ခရာ သင်တန်း၊ ကြက်ခြေနီသင်တန်းတို့တွင် စစ်ရေးပြလေ့ကျင့်ဖူးသည်ဖြစ်ရာ စစ်ရေးပြ သင်ခန်းစာသည် မိမိအတွက် အထူးအဆန်းမဟုတ်သော်လည်း သေနတ်ပစ်နှင့် ရိက္ခာ အပြည့်အစုံနှင့်  ရည်မှန်းချက်သို့ လက်တွေ့ချီတက်ခြင်းသည် အလွန်စိတ်ဝင်စားပျော်ရွှင်ဖွယ် ဘာသာရပ်များ ဖြစ်ပေသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၌(၂-၁၀-၂၀၀၀) မှ(၂၄-၁၁-၂၀၀၀)အထိ ဖွင့်လှစ်ခဲ့သည့် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(၇)၊ စည်ပင်သာယာရေးဦးစီးဌာန၏ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် အသေးစိတ်သင်ကြားပို့ချ၍ အပတ်စဉ်စာမေးပွဲစစ်ကာ သင်ကြားလေ့ကျင့်ပေးခြင်း ဖြစ်ပါ သည်။ အရာထမ်းအဆင့်မြင့် ရာထူးများကို ဤသင်တန်းတက်ရောက်ပြီးမှ ဖြေဆိုခွင့် ပေးခဲ့ပါသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်တွင်(၂၂-၉-၂၀၀၈)မှ (၁၂-၁၂-၂၀၀၈)အထိ ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်အုပ်ချုပ်မှု သင်တန်းအမှတ်စဉ်(၁၈)၊ ဤ သင်တန်းတွင် စည်ပင်သာယာရေးဦးစီးဌာန လုပ်သက်ရင့် အမှုဆောင်အရာရှိများ၊ စီမံခန့်ခွဲရေး ဝန်ထမ်းများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ လုပ်သက်ရင့်ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် လူငယ်အရာထမ်းများ ရောနှော၍ အတွေ့အကြုံဖလှယ်ကာ ဆွေးနွေးမှုများ ဦးစားပေးသင်ကြား လေ့ကျင့် ပေးခြင်းဖြင့် ဝါရင့်အစ်ကိုကြီး အစ်မကြီးများ၏ အတွေ့အကြုံများ တစ်ထိုင်တည်း ရရှိခဲ့ပါသည်။

 

ကျေးလက်ဦးစီးဌာနဝန်ထမ်းဘဝသင်တန်းအတွေ့အကြုံ

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ (၂၇-၆-၂၀၂၂)မှ (၁၉-၈-၂၀၂၂) အထိ ဖွင့်လှစ်ခဲ့သည့်ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ်(၁၀) ဤသင်တန်းမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်တူများမှ အရာရှိကြီး (၂၁)ဦး တက်ရောက်ခဲ့သော သင်တန်းဖြစ်ပြီး အထက်မြန်မာပြည် ဇီးပင်ကြီး၌ တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

လုပ်ငန်းခွင်တွင် စဉ်ဆက်မပြတ် လုပ်ကိုင်နေရာမှ သင်တန်းတွင် သင်တန်းသူအဖြစ် သက်ဆိုင်ရာ ဘာသာရပ်များ လေ့လာခဲ့ရပြီး ဌာနအသီးသီးမှ သင်တန်းတက်ရောက် လာသူများ သင်တန်းမှပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ အားလုံးနှင့်လည်း ရင်းနှီး ကျွမ်းဝင်ခွင့်ရခဲ့ပြီး မောင်နှမအရင်းအချာပမာ အသိမိတ်ဆွေများ တိုးပွားခဲ့ပါသည်။ အပြန် အလှန်ဆွေးနွေးမှုများကြောင့်ဌာန အသီးသီး၏လုပ်ငန်းစဉ်များ၊ မိမိဌာနနှင့် ဆက်စပ်သည့် အသိပညာဗဟုသုတများ များစွာရရှိခဲ့ပါသည်။ သင်ကြားခဲ့သည့် ဘာသာရပ်များအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လက်တွေ့လုပ်ငန်းခွင်နှင့် ဌာနတွင်းသင်တန်းများ ပို့ချရာတွင် အသုံးပြုလျက်ရှိပါသည်။

ဉပဒေအသိပညာပြန့်ပွားရေး

          ယခုနောက်ဆုံးတက်ခဲ့သော သင်တန်းမှဥပဒေရေးရာဝန်ကြီးဌာန၌ (၈-၆-၂၀၂၃)နေ့မှ       (၁၉-၈-၂၀၂၃)နေ့အထိ ဖွင့်လှစ်ခဲ့သည့် ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်း အမှတ်စဉ်(၃) ဖြစ်ပါသည်။ ဤသင်တန်းတွင် ဥပဒေရေးရာ ဝန်ကြီးဌာန၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စုစနစ်နှင့် ဖက်ဒရယ်စနစ်အကြောင်း၊ မြန်မာနိုင်ငံ ဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့၏ ဆက်နွှယ်မှုများ၊ နိုင်ငံ၊ အချုပ်အခြာအာဏာ၊ တရားဝင်မှုနှင့် တရားစီရင် ပိုင်ခွင့်အပေါ် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးနှင့် ဥပဒေရှုထောင့်တို့မှ လေ့လာခြင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ အာဆီယံပဋိညာဉ်စာတမ်း၊ နိုင်ငံဖြတ်ကျော်မှု ခင်းများအကြောင်း၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ် ပေးရေးဆိုင်ရာကိစ္စများ၊ စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းများနှင့် မမျှော်မှန်း နိုင်သည့် ဖြစ်ရပ်ဆိုင်ရာ စည်းကမ်းချက်များ၊ အထွေထွေ ဥပဒေအကြံဉာဏ်ပေးရေး ဘာသာရပ်၊ ဥပဒေပြု အဖွဲ့အစည်းနှင့် ဥပဒေပြုအာဏာ၊ ဥပဒေမူကြမ်း စိစစ်ရေးဆွဲရေးနည်းလမ်းများ၊ တစ်ဆင့်ခံဉပဒေရေးဆွဲရေးနည်းလမ်းများ၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်း နှင့် ပြင်ဆင်ခြင်း နည်းလမ်းများ၊ စာဖတ်နည်း၊ စဉ်းစား တွေးခေါ်နည်း၊ စာရေးနည်းနှင့် ဥပဒေရေးဆွဲနည်း အနုပညာ၊ ပြစ်မှု ဆိုင်ရာ ဥပဒေများအကြောင်း၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ပြည်တွင်းဥပဒေပြဌာန်းချက်များ၊ ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ ရှေ့တော်သွင်း စာချွန်တော်အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့်စသည့် စာချွန်တော်အမိန့်များအကြောင်း၊ အစိုးရသို့မဟုတ် ရာထူး အလျောက် ဆောင်ရွက်ရသည့် ပြည်သူ့အရာထမ်းများက စွဲဆိုသည့် တရားမမှုများနှင့် ဥပဒေဆိုင်ရာ အထွေထွေကိစ္စရပ်များ သင်ကြားခဲ့ရပါသည်။ ဘာသာရပ်ပါ အကြောင်း အရာများသည် တက်ရောက်သည့် သင်တန်းသားများ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိပြီး လုပ်ငန်းခွင်တွင် အသုံးပြုရမည့် ဥပဒေပိုင်းဆိုင်ရာ အတွေးသစ်များ၊ အမြင်သစ်များ ရရှိစေ ခဲ့ပါသည်။

ဥပဒေမူကြမ်းရေးဆွဲခြင်းဘာသာရပ်ကို ပို့ချသောအခါ မိမိတို့ဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ရေးဆွဲချိန်ကို အထူးသတိရ မိပါသည်။ အဆိုပါဥပဒေရေးဆွဲစဉ်က ဤပညာရပ်ကို သိခဲ့လျှင်ပိုမိုလွယ်ကူ ထိရောက်မြန်ဆန်မည်ဟု သုံးသပ်မိပါသည်။ မိမိတို့ဌာန အနေဖြင့်ခိုင်မာသည့် ဌာနတစ်ခုအဖြစ် ရပ်တည်နိုင်အောင် ဥပဒေရေးဆွဲရေး အလုပ်သည် မဖြစ်မနေ ဆောင်ရွက်ရမည့်အလုပ်ဟု တစ်ဌာနလုံး အနေဖြင့် ခံယူ၍ အားသွန်ခွန်စိုက် တစ်စိုက်မတ်မတ် ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။

ဥပဒေနှင့်ပတ်သက်၍  ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ပညာသင်ယူစဉ်က ကူးသန်း ရောင်းဝယ်မှု ဆိုင်ရာဥပဒေ၊ ပဋိညာဉ် စာချုပ်စာတမ်းတို့သင်ယူခဲ့ရပြီး ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ ဖွင့်လှစ်သည့် Diploma Of Business Law တွင် စီးပွားရေးဆိုင်ရာ ဥပဒေများ၊ စာချုပ်စာတမ်းများ သင်ယူခဲ့ရပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေရေးဆွဲခဲ့စဉ်က ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့မှ သက်ဆိုင်ရာကော်မတီများနှင့် ဥပဒေကြမ်းကော်မတီများ၊ ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီ အသီးသီးတို့တွင် ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ပြီး (၅)နှစ်ခန့်အကြာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို အတည်ပြုထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဥပဒေမူကြမ်းရေးဆွဲရေးနှင့် ပတ်သက်၍ လက်တွေ့ဆွေးနွေး အကြံပြုချက်များကို On Job Training အနေနှင့် သင်ယူလေ့လာပြီး ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါသည်။ ထိုစဉ်က ဥပဒေပညာရှင်များ၏  ဥပဒေရှုထောင့်မှ စကားရပ် အသုံးအနှုန်း၊ စာလုံးတစ်လုံးချင်း ထောက်ပြမှုများကို ယခုသင်တန်း တက်ရောက် ချိန်၌ ပိုမိုနားလည်လာခဲ့ပါသည်။ ဥပဒေမူကြမ်းရေးဆွဲရေးဌာနမှ စာချုပ်စာတမ်းကိစ္စများ၊ ရာဇဝတ်မှု၊ တရားမမှုဆိုင်ရာ တရားစွဲဆိုရေးကိစ္စများလည်းများစွာ လေ့လာသိရှိခဲ့ရပြီး မိမိအနေဖြင့် ဌာနတွင်း စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများတွင် ဤဥပဒေဆိုင်ရာ ဘာသာရပ်များကို ပြန်လည်ပို့ချမျှဝေ ပေးလျှက်ရှိပါသည်။

မျှဝေခြင်းနှင့် လက်တွေ့အသုံးချခြင်း

အထက်ဖော်ပြပါတက်ရောက်ခဲ့သော သင်တန်းများမှ စာတွေ့လက်တွေ့ သင်ကြားမှု များသည် အလုပ်စတင်ဝင်ရောက်သည့် စာရင်းစစ်ရာထူးမှ အဆင့်ဆင့်ပြောင်းလဲ တိုးတက်မှုများ ရရှိသည်အထိ အသုံးပြုခဲ့ရသည့် အဖိုးမဖြတ်နိုင်သော သင်ယူရရှိမှုများ ဖြစ်ပါ သည်။ မိမိသင်ယူခဲ့သော သင်တန်းအတွေ့အကြုံများအား လက်တွေ့လုပ်ငန်း ဆောင်ရွက် မှုများနှင့် ပေါင်းစပ်၍ဌာနတွင်းသင်တန်းများတွင် သင်ကြားပို့ချခြင်း၊ ဆွေးနွေးခြင်း၊ လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချခြင်းဖြင့် အတူပူးတွဲဆောင်ရွက်နေသူများအား မျှဝေ ပေးလျှက်ရှိပါသည်။ မိမိ၏ဆရာတစ်ဦး လမ်းညွှန်မှာကြားသည်ကတော့ “ကိုယ်ကိုယ်တိုင် သင်တန်းတက်သလိုကိုယ်လိုလူတွေ အများကြီးဖြစ်အောင် မွေးထုတ်ပေးဖို့” လိုသည် ဟူ၍ဖြစ်ပါသည်။  တစ်ဦးနှင့်တစ်ဦး အခြေခံပညာအရည်အချင်း တက်ရောက်ခဲ့သည့် သင်တန်းများ၊ လက်တွေ့ဆောင်ရွက်ဖူးသည့် လုပ်ငန်းနယ်ပယ်များ မတူညီကြ၍ စွမ်းဆောင်ရည် မြှင့်တင်ရေးကဏ္ဍတွင် တစ်ဦးနှင့်တစ်ဦး  တူညီနိုင်မည်မဟုတ်ပေ၊ သို့သော် မိမိထက်သာလွန်စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများပေါ်ထွက် လာအောင် မိမိတို့ တာဝန်ထမ်းဆောင်ခွင့်ရခိုက် အချိန်မီလေ့ကျင့်ပေးရင်း လက်တွဲခေါ်ယူပူးပေါင်း ဆောင်ရွက် ခြင်းသည် မိမိတို့၏တာဝန်ဖြစ်သည်ဟုခံယူကာ စွမ်းဆောင်ရည် မြှင့်တင်ရေးကို ဆောင်ရွက် လျက်ရှိပါသည်။

စာရေးသူ၏ ဆန္ဒမွန်

          ယနေ့လူငယ်များသည် နည်းပညာဘာသာရပ်ပိုင်း၌ နိုင်ငံတကာနှင့်အမီ လေ့လာ နိုင်စွမ်းရှိသော အခြေအနေကောင်းများတွင် ကြီးပြင်းလာရသဖြင့် ထူးချွန်ထက်မြက် သူများ ပြားလှပေသည်။  နောင်တခေတ်ဝယ် နိုင်ငံ၏ အားကိုးအားထားပြုရသော လူကောင်း လူတော်များဖြစ်အောင် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ အသိပညာများ မျှဝေပေးခြင်း တို့အပြင် လက်တွေ့ဆောင်ရွက်ခွင့်ရအောင်လည်း အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားပါမည်ဟု ဆန္ဒပြုရေးသားဖော်ပြလိုက်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm