Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၁)စီမံကိန်း ပြီးမြောက်ခြင်းအခမ်းအနား၊ ငရုတ်သီးအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်


02 Nov,2023

နေပြည်တော် နိုဝင်ဘာ ၂

သမဝါယမဦးစီးဌာနမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ဆောင်ရွက်သည့် စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့(မြန်မာ)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

            အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် ဆောင်ရွက်သည့် စီမံကိန်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလ မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် သမဝါယမဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေများဖြင့် (၂၀၁၈)၊ (၂၀၂၀)နှင့် (၂၀၂၁) စီမံကိန်း(၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁)ဖြင့် ဆောင်ရွက်သည့် စီမံကိန်းတွင် စုဆောင်းငွေအားပေး မြှင့်တင်ရေး စည်းရုံးလှုံ့ဆော်ခြင်းသင်တန်းများ၊ ငွေစုဆောင်းတတ်သည့် အလေ့အကျင့်ဆိုင်ရာ အသိပညာပေးစည်းရုံးလှုံ့ဆော်ပွဲများ၊ အသေးစားချေးငွေလုပ်ငန်းများတွင် ငွေစုဆောင်းသည့် အလေ့အကျင့်၏ အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM Bank မှ ချေးယူထားသော အသေးစားချေးငွေထုတ်ခြင်း လုပ်ငန်းများတွင် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များအားလုံးတွင် အသေးစား ချေးငွေများ အား ချေးငွေဆန်းစစ်ချက်ဆောင်ရွက်ခြင်း လုပ်ငန်းများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများရှိ အောင်မြင်နေသော သမဝါယမအသင်းများသို့ လေ့လာရေးသွာရောက်ခြင်းစသည့် လုပ်ငန်းစဉ်များ ကို ဆောင်ရွက်ခဲ့ပါကြောင်းပြောကြားပါသည်။

            ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြောကြားပြီးနောက် သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းဆိုင်ရာဆောင်ရွက်မှုများအား ရှင်းလင်းပြောကြား ပြီးနောက် ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းနှင့် စီမံကိန်းဆိုင်ရာဆောင်ရွက်မှုမှတ်တမ်းများ ခင်းကျင်းပြသမှုများအား လှည့်လည်ကြည့်ရှုကြပါသည်။          ထို့နောက် နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ငရုတ်သီး အခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ရာ ဒုတိယဝန်ကြီးက တပ်ကုန်း မြို့နယ်၊ နွယ်ရစ်ကျေးရွာမှာ ငရုတ်သီးစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သည့့် ရွာတစ်ရွာ ဖြစ်သည့်အတွက် မိမိတို့ရွာမှ စိုက်ပျိုးသည့် ငရုတ်သီးတွေကို အခြေခံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို ဆောင်ရွက်မည်ဆိုပါက  ကုန်ကြမ်းများဈေးနှုန်းသက်သာစွာဖြင့် ရရှိနိုင်ပြီး ကုန်ချော ထုတ်ကုန်များလည်း ဈေးနှုန်းချိုသာစွာ ထုတ်လုပ်နိုင်မှာဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြား ပေးလိုက်သည့် ပညာရပ်တွေအပေါ် အခြေခံပြီး စဉ်ဆက်မပြတ်လေ့လာသင်ယူကာ မိမိတို့ဒေသ၏ ထုတ်ကုန်တစ်ခုအဖြစ် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ငရုတ်သီး အခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို တက်ရောက်ခဲ့ကြသည့် သင်တန်းသူ များအနေဖြင့် အိုးမကွာ၊ အိမ်မကွာဖြင့် ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်ပြီး မိသားစုဝင်ငွေ တိုးတက်လာအောင်ကြိုးစားကြမည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်း ထူထောင်ဆောင်ရွက်နိုင်ရန်အတွက် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် သင်တန်းသူ (၅)ဦးကို ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းတွေကို ပေးအပ်သွားမှာဖြစ်ပါကြောင်း ပြောကြားပါသည်။

            ထို့နောက် သင်တန်းဆင်းသူများအနက်မှ လုပ်ငန်းထူထောင်လိုသူ ထူးချွန်သင်တန်းသား များကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ကြရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သင်တန်းသားတစ်ဦးလျှင် တစ်ဆယ့်သုံး သိန်းငါးသောင်း (၁,၃၅၀,၀၀ဝိ/-)ကျပ် နှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်း စုစုပေါင်း ခြောက်ဆယ့်ခုနစ်သိန်းငါးသောင်း (၆,၇၅၀,၀၀၀/-) ကျပ်တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းများကို အသီးသီး ပေးအပ်ချီးမြှင့်ကာ သင်တန်းသူများကိုယ်တိုင် ထုတ်လုပ်ခဲ့သော ငရုတ်သီးအခြေခံ တန်းဖိုးမြှင့်ထုတ်ကုန်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm