နေပြည်တော် နိုဝင်ဘာ ၁
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့များ ရရှိလာကြပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ဝင်ရောက်တာဝန်ထမ်း ဆောင်ကြမည့် ဝန်ထမ်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသစ်ခန့်အပ် ခဲ့သော အင်ဂျင်နီယာဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို သိရှိနားလည် သဘော ပေါက်ပြီး လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆-ဘီ)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သုတေသနသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)မှ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့များ ရရှိလာကြပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန များတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ဝင်ရောက်တာဝန်ထမ်း ဆောင်ကြမည့် ဝန်ထမ်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသစ်ခန့်အပ်ခဲ့သော အင်ဂျင်နီယာဝန်ထမ်းများ အနေဖြင့် နိုင်ငံ့တာဝန်များကို စတင်ထမ်းဆောင်ကြတော့မှာဖြစ်သည့်အတွက် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများ၊ ဝန်ထမ်းကျင့်ဝတ်များလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အပြန်အလှန် လေးစားတတ်မှု စသည့် အလေ့အထကောင်းတွေ မွေးမြူကာ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ မူဝါဒ၊ လုပ်ငန်းစဉ် များ၊ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို သိရှိနားလည် သဘောပေါက်ပြီး လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်း ဆင်း သင်တန်းသား/ သင်တန်းသူတွေကို စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်အောင် မိမိတို့ တက်ရောက်သင်ယူခဲ့ရသည့် တက္ကသိုလ်အသီးသီးကနေ အချိန်ယူပြီး လေ့ကျင့်သင်ကြားပေးထားပြီး ဖြစ်လို့ နိုင်ငံ့တာဝန်တွေကို ကျရာအခန်းကဏ္ဍမှာ ထမ်းဆောင်တဲ့အခါ ပြည်ထောင်စုစိတ်ဓာတ် ပြည့်ဝစွာဖြင့် ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါကြောင်း၊ ကျောင်းဆင်းဝန်ထမ်း (၅၃) ဦးမှာလည်း တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်နေတာဖြစ်လို့ မိမိတို့တာဝန်ကျသည့် ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်သည့်အခါ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အချင်းချင်း ကူညီရိုင်းပင်း တတ်သည့် စိတ်ဓာတ်မွေးမြူပြီး ကာယဉာဏ စွမ်းအားများဖြင့် လုပ်ငန်းတာဝန်တွေကို ကျေပွန် အောင် ထမ်းဆောင်ကြရန် မှာကြားလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ဝန်ကြီးဌာန အတွင်း စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာပြီး မိသားစုစိတ်ဓာတ်ဖြင့် အတူတူလက်တွဲ ဆောင်ရွက်တတ်သည့် အလေ့အထကောင်းတွေ ဖြစ်ပေါ်လာပြီး ရုံးလုပ်ငန်းများ လွယ်ကူချောမွေ့စွာလုပ်ကိုင်နိုင်စေရန်နှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ထုံးလုပ်နည်း များအား နားလည်သဘောပေါက်စေရန်အတွက် သင်တန်းမှ ပို့ချသည့် ဘာသာရပ်များ စနစ်တကျ လေ့လာသင်ယူကြစေလိုကြောင်း၊ ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာ နေထိုင်ကြရန် လိုအပ်ကြောင်းပြောကြားပါသည်။
ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးဇော်မင်းထွဋ်က ဝန်ထမ်းကျင့်ဝတ်နှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအားလည်းကောင်း၊ ဆက်စပ်ဦးစီးဌာန တာဝန်ရှိသူများက ဦးစီးဌာနအလိုက် မူဝါဒ၊ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များအားလည်းကောင်း အသီးသီးပို့ချ ကြပါသည်။
အဆိုပါ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)မှ ကျောင်းဆင်း ဝန်ထမ်း ၅၃ ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသစ်ခန့် အငယ်တန်းအင်ဂျင်နီယာ-၃ (၁၃) ဦးနှင့် အသစ်ခန့် အငယ်တန်းအင်ဂျင်နီယာ- ၄ (၃) ဦး စုစုပေါင်း သင်တန်းသား (၆၉) ဦးတက်ရောက် ကြပြီး သင်တန်းကို နိုဝင်ဘာ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ သုံးရက်ကြာဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။