နေပြည်တော် အောက်တိုဘာလ ၃၁
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့များ ရရှိလာကြပြီး မိမိတို့ဝန်ကြီးဌာန အောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် ဝင်ရောက်တာဝန် ထမ်းဆောင် ကြရမှာဖြစ်သည့်အတွက် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းတာဝန်များ၊ သက်ဆိုင်ရာ ဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များကို သိရှိနိုင်ရေးအတွက် လုပ်ငန်းခွင် ဝင်သင်တန်းကို ဖွင့်လှစ် ပို့ချပေးမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ ဦးစီးဌာနအလိုက် တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်ကြောင်း ယနေ့နေ့လည်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် ၁၆၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)မှ ဘွဲ့ရ မောင်မယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ကျောင်းဆင်းသည့် ကျောင်းသား (၃၈) ဦး၊ ကျောင်းသူ (၁၅) ဦး၊ စုစုပေါင်း (၅၃) ဦးတို့ဟာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်ကြမှာ ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများကို အဓိကရည်မှန်းချက်ထားကာ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် ငွေကြေးအရင်းအနှီး လိုအပ်ချက်ကို မြစိမ်းရောင်စီမံကိန်းအပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊ တောင်သူများအတွက် သွင်းအားစုများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကျေးရွာအခြေခံအဆောက်အအုံများဖြစ်သော ကျေးလက်လမ်း၊ တံတား၊ ကျေးလက်ရေပေးရေး၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ် လျက်ရှိရာ သင်တန်းဆင်းသူများအတွက် ပစ္စည်းကိရိယာနှင့် ငွေကြေး အရင်းအနှီး ထောက်ပံ့ ပေးခြင်း၊ ဈေးကွက်ချိတ်ဆက်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင် ဖန်တီးပေးနိုင်ခဲ့ ကြောင်း၊ လယ်ယာသားငါးထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် လွယ်ကူလျင်မြန်ပြီး ဈေးကွက် သို့ အချိန်မီ တင်ပို့နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း၊ တံတား လုပ်ငန်းများကို ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ဘွဲ့ရမောင်မယ်များအနေဖြင့် သက်ဆိုင်ရာဌာန များသို့ ရောက်ရှိတာဝန် ထမ်းဆောင်ကြသည့်အခါ မိမိတို့ဌာန၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို စေတနာ ထားကာ ဆောင်ရွက်ကြစေလိုကြောင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာနေထိုင်ကြရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်း တာဝန်များကို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြရန်မှာကြားလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့မှ ကျောင်းဆင်း ဘွဲ့ရ မောင်မယ်(၅၃) ဦးတို့က တစ်ဦးချင်းမိတ်ဆက်ကာ ကျောင်းသားကျောင်းသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။