Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပိုင်ကျုံမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး


31 Oct,2023

ဘားအံ အောက်တိုဘာ ၂၈

         ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။

       ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထီလုံ- တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) လမ်းအား လမ်းအထူးအဖွဲ့-၂၂ မှ မူလ ၁၂ ပေ အကျယ်လမ်းကို ၁၈ ပေအကျယ်ချဲ့ ကတ္တရာခင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးမှာကြားသည်။

        ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ထန်းတပင်လမ်းဆုံ - ပိုင်ကျုံမြို့ အမှတ် (၅)ရပ်ကွက်လမ်း ၄ ဒသမ ၀၂၃ ကီလိုမီတာကို ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းသည့်အပိုင်း ၁ ဒသမ ၆၀၉ ကီလိုမီတာကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး စောကျော်ဝင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းများတွင် ရေမြောင်းများ ထည့်သွင်းဆောင်ရွက်ပေးရန်၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရန်မှာကြားသည်။

         ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်းလေ့ကျင့်နေသော ပိုင်ကျုံမြို့ ယဉ်ကျေးမှု လူငယ်မောင်မယ် ဒုံးအဖွဲ့၏ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ သီဆိုကပြ ဖျော်ဖြေမှုအား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုထောက်ပံ့ငွေကျပ် သုံးသိန်းကို ပေးအပ်ချီးမြှင့်ကာ အားပေးစကားများ ပြောကြားသည်။

      ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အထက်ပိုင်ကျုံဘုန်းတော်ကြီးကျောင်းအနီး ပိုင်ကျုံချောင်း ကမ်းပြိုမှု အခြေအနေ၊ အထက်ပိုင်ကျုံကျောင်းသစ်အနီး ကမ်းပြိုကျမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း မြေထိန်းနံရံများတည်ဆောက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

        ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်သော အထက်ပိုင်ကျုံလမ်း ၁၈ ပေ အကျယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပေ ၆၅၀၀ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများက  လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်စီတွင် ရေမြောင်းများ ထည့်သွင်းဆောင်ရွက်ရန်၊ လမ်းပခုံးများစနစ်တကျဖြစ်စေရန် မှာကြားသည်။

      ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပိုင်ကျုံမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံတက်ရောက်နေသူများအား တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် သက်သာပျောက်ကင်းမှု အခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ကာ ဆေးရုံအုပ်ကြီးထံ အထွေထွေအသုံးစရိတ် ငွေကျပ် သုံးသိန်းနှင့် အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။

         ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိုင်ကျုံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများအား အားပေးစကားများ ပြောကြားကာ ဝန်ထမ်းများအတွက် အထွေထွေအသုံးစရိတ် ငွေကျပ် သုံးသိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm