လားရှိုး အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လားရှိုးခရိုင်၊ လားရှိုးမြို့နယ် နမ့်တွန်း-ဘုံမွန်-နမ့်ဟူးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းနှင့် ခရိုင်၊ မြို့နယ် တာဝန်ခံ အင်ဂျင်နီယာဝန်ထမ်းများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်း ကော်မတီဝင်များနှင့်အတူ နမ့်တွန်း-ဘုံမွန်-နမ့်ဟူးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။
အဆိုပါ နမ့်တွန်း-ဘုံမွန်-နမ့်ဟူးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် တစ်မိုင် အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မထု ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်းနှင့် ကုန်ထုတ်တံတားအဖြစ် အရှည် ငါးပေ အကျယ် ၂၂ ပေ အမြင့် ငါးပေရှိ Box Culvert နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၅၅ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ဇူလိုင်လ တတိယအပတ်မှ စတင်တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုအခါ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ နမ့်တွန်း-ဘုံမွန်-နမ့်ဟူးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက ကျေးရွာသုံးရွာရှိ ကျေးရွာတောင်သူများ၏ စိုက်ပျိုးမြေဧက ၁၀၀ ကျော်ကို အကျိုးပြုနိုင်မှာ ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေ ဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်