Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီအစည်းအဝေးသို့တက်ရောက်


19 Oct,2023

နေပြည်တော် အောက်တိုဘာ ၁၉

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းက ရုံးအမှတ် (၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင် ကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊မျိုးစေ့နှင့်စိုက်ပျိုးရေး ဆေးလုပ်ငန်း ရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်သည်။

              ရှေးဦးစွာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင်  တောင်သူများစိုက်ပျိုးရေး လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော သွင်းအားစုများအား စိုက်ပျိုးရာသီချိန်အမီရရှိရေး၊ အရည် အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရေးတို့အတွက် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီနှင့် နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်း  ကြီးကြပ်မှုကော်မတီ တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄-၁၀-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၁၃/၂၀၂၃ ဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဆောင်းသီးနှံရာသီအချိန်အမီ သွင်းအားစုများအား ပံ့ပိုးစီစဉ်ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်များနဲ့အတူ ယခုအစည်းအဝေးကို ခေါ်ယူကျင်းပရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှလည်း အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်နိုင်ချေရှိမှုအတွက် မြေဩဇာရရှိရေး ကြိုတင်တွက်ချက်ဆောင်ရွက်ထားရန် လမ်းညွှန်ချက်လည်း ပေးထားပြီးဖြစ်ပါကြောင်း၊

              ဦးဆောင်ကော်မတီအနေနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ တောင်သူများရဲ့ အခက်အခဲများကို ဖြေရှင်း ပေးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးစေရေးတို့အတွက် တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စံချိန်စံညွှန်းပြည့်ဝတဲ့ ဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေး များကို ဈေးနှုန်းသက်သာစွာအချိန်မီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

              မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းအနေနဲ့ အသင်း ဝင်ကုမ္ပဏီများက သွင်းကုန်လိုင်စင်များရရှိရေး လျှောက်ထားရာတွင် ဖောင်းပွမှုမရှိစေရေး၊ သွင်းအားစုများ သိုလှောင်ခြင်း၊ ဈေးကစားခြင်းများ မရှိစေရေးတို့အတွက် သွင်းကုန်လိုင်စင် ရရှိရေး စိစစ်ထောက်ခံရာတွင် လိုင်စင်ရပြီးစာရင်း၊ ပစ္စည်းသွင်းပြီးစာရင်း၊ သွင်းရန်ကျန်စာရင်း၊ ဖြန့်ဖြူးပြီးစာရင်း၊ ဖြန့်ဖြူးရန်ကျန်စာရင်းတို့ကို တင်ပြသည့်အကြိမ်တိုင်းတွင် ထည့်သွင်းပြုစုတင်ပြရန် ထပ်မံအသိပေး ပြောကြားလိုပါကြောင်း၊         ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း သွင်းအားစုများ လိုအပ်ချက်အနေဖြင့် ယခုလာမည့် ဆောင်းရာသီ၌ ဆီထွက်သီးနှံများအပါအဝင် သီးနှံ ၁၀ မျိုးနှင့် နွေစပါးစိုက်ဧက ၁၀ဒဿမ၅၃ သန်းခန့်အတွက် ပန်တိုင်းအထွက်တိုးရေးစံနှုန်းအရ သုံးစွဲမည် ဆိုပါက မြေဩဇာ မက်ထရစ်တန် ချိန်၁ဒဿမ၁သန်း ခန့်လိုအပ်မည်ဖြစ်ကြောင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရှိရပါကြောင်း၊

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆောင်းဆီထွက်သီးနှံနှင့် နွေစပါး စီမံကိန်းတို့အပါအဝင် ဆောင်းရာသီသီးနှံများအတွက် တောင်သူများလိုအပ်သော သွင်းအားစုများ အချိန်မီရရှိအောင်နဲ့ ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်အောင် ကြိုတင်စီမံဆောင်ရွက်ထားရမှာဖြစ် ပါကြောင်း၊      

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်တို့က ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်း ဆိုင်ရာများ အကြံပြုဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ဦးဆောင်ကော်မတီ၏ စိစစ်ထောက်ခံချက်များအရ နိုင်ငံခြားသုံးငွေ ဝယ်ယူရရှိမှု၊ သွင်းကုန်လိုင်စင်ရရှိမှု၊ တင်သွင်းရောက်ရှိမှု၊ ဖြန့်ဖြူးရောင်းချပြီးစီးမှု၊ ရောင်းချဈေးနှုန်းများအား လည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်နေမှုများအား လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာကဏ္ဍ များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တက်ရောက်လာသူများ၏ ဝိုင်းဝန်းဆွေးနွေးမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ စိုက်ပျိုးရေး သီးနှံများ အထွက်တိုးရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြည်တွင်းစာရေရိက္ခာဖူလုံသည့် အပြင် ပြည်ပသို့ တင်ပို့ရောင်းချပြီး နိုင်ငံ့စီးပွားမြင့်မားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဖြင့် စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှုပြီး တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ယူရီးယားမြေဩဇာ သွင်းအားစုများ အချိန်မီတင်သွင်းဝယ်ယူဖြန့်ဖြူးရောင်းချရေး အစီအစဉ်မှာ အရေးကြီး၍ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm