နေပြည်တော် အောက်တိုဘာ ၁၇
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၃) လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၆)၊ ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ကော်မတီဉက္ကဌ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ကော်မတီဝင်ဝန်ကြီး ဌာန၊ ဦးစီဌာန(၁၂)ခုမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး ချုပ်များနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များတက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မတီဉက္ကဌ၊ ပြည်ထောင်စုဝန်ကြီးကနိုင်ငံလူဦးရေရဲ့ (၇၀) ရာခိုင်နှုန်း ဟာ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့အတွက် မြို့ပြနဲ့ကျေးလက်၊ ပြည်နယ်/တိုင်း ဒေသကြီးများ အကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေး၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချစေရေးတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အထူးအလေးထားကာ ရှေ့လုပ်ငန်းစဉ် များနှင့် ဦးတည်ချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ကော်မတီ အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်(MSDP)နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်(RDSF)ပါ လုပ်ငန်းစဉ်များနဲ့အညီ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ဆင်းရဲမှု လျော့ချရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ကော်မတီအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မူဝါဒများချမှတ်ခြင်း၊ နှစ်စဉ် နှစ်တို/နှစ်ရှည်စီမံကိန်းရေးဆွဲခြင်း၊ တာဝန် ပေးအပ်ခြင်း၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရရှိနိုင်ရန် အရင်းမပျောက်မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း၊ ကြီးကြပ်မှု ကော်မတီများဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များသတ်မှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း စသည့်လုပ်ငန်း တာဝန်များကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ သမဝါယမ လုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ကျေးလက်လူနေမှုအဆင့်အတန်း မြှင့်တင်ရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ရည်မှန်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်ဒေသရှိ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများ လိုအပ်လျက်ရှိတဲ့ သွင်းအားစုနဲ့ ငွေကြေး အရင်းအနှီးများထောက်ပံ့ ပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်အောင် သုတေသနလုပ်ငန်းများနဲ့ ဈေးကွက် ချိတ်ဆက်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ ကျေးလက်အခြေခံအဆောက်အအုံများနဲ့ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းဖွံ့ဖြိုးရေးအပြင် ကျေးလက်နေပြည်သူများရဲ့ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားအောင် ဆောင်ရွက်ပေးခြင်းစသော ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို အထူးအလေးထား ပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအစည်းအဝေး (၁/၂၀၂၃) ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း ကော်မတီဝင်ဌာနများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကော်မတီဝင်ဌာများ၏ ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ငန်းကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကော်မတီဝင်ဝန်ကြီးဌာန၊ဦးစီးဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ကျေးလက်မီးလင်းရေး လုပ်ငန်းတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့်(၉၁၉)ရွာ၊ အသေးစားဓာတ်အားပေးစနစ်ဖြင့်(၁၃)ရွာ၊ မဟာ ဓါတ်အားလိုင်းစနစ်ဖြင့်(၄၉၅)ရွာ၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း(၉၇)ခု၊ ကျေးလက်ရေရရှိရေး လုပ်ငန်းပေါင်း(၂၆၉၅)ခု၊ ကျေးလက်ကုန်ထုတ်လမ်းနှင့်တံတား (၂၄၇၂/၂.၆၁)မိုင်နှင့် (၃၂၈၄)စင်း၊ ကျေးလက်အိမ်ယာ(၃၈)လုံး၊ ခေတ်မီစံပြ ကျေးရွာထူထောင်ခြင်းလုပ်ငန်း(၁၅၅၄)ခု၊ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(၉၁)ရွာနှင့် မြစိမ်းရောင်စီမံကိန်း (၂၃၃)ယူနစ်နှင့် မြစိမ်းရောင် ကျေးရွာ(စိုက်ပျိုးရေး၊ အသား၊ ငါးကဏ္ဍ) (၄၁၇)ရွာ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (၁၇၉၈)ရွာတို့ဖြစ်ပြီး အသက်မွေးဝမ်းကျောင်းနှင့်ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်းများ အတွက် စုစုပေါင်း(၁၃၃၉)ကြိမ်အား သင်တန်းသား (၂၀၈၀၈)ဦးဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိကာလအထိ သင်တန်းသား (၈၈၃၈) ဦးအား အလုပ်အကိုင်ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း နှင့် လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊
ဆက်လက်၍ စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာလုပ်ငန်းများ၊ သွင်းအားစုနှင့် အရင်းမပျောက် ရန်ပုံငွေ ထူထောင်ပေးခြင်းဆိုင်ရာလုပ်ငန်းများ၊ လူမှုရေးကဏ္ဍဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှု ဆိုင်ရာလုပ်ငန်းများ၊ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။
ယင်းနောက် ကော်မတီဝင်သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ မိမိတို့ဝန်ကြီးဌာနရဲ့ လုပ်ငန်း ကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြရာ ကော်မတီဉက္ကဌနှင့် တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများသည် ကဏ္ဍပေါင်းစုံချိတ်ဆက် ဆောင်ရွက်ရသည့် အတွက် အားလုံးပူးပေါင်းကြိုးပမ်းဆောင်ရွက်ရမည့် အပိုင်းများ၊၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဘတ်ဂျက်လျာထားခြင်း ကိစ္စရပ်များအား ဖြည့်စွက်ဆွေးနွေး ခဲ့ကြပါသည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက တစ်ဦးချင်း၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုမှ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ထိုမှတဆင့် နိုင်ငံရဲ့ စီးပွားရေးသည်လည်း ဖွံဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ ကော်မတီဝင်ဝန်ကြီးဌာန၊ ဦးစီးဌာနများအနေဖြင့် မိမိတို့ တာဝန်ယူ ရတဲ့လုပ်ငန်းများမှာ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေး၊ စိတ်ဓာတ်နှင့် အသိဉာဏ်ပညာဖွံ့ဖြိုးစေရေးတို့အတွက် စိတ်စေတနာအပြည့်ဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြရန်၊ သဘာဝဘေးများ ကြုံတွေ့လာရပါက အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင် ထားကြရန်၊ လာမည့်နွေရာသီတွင် အယ်လ်နီညိုရာသီဥတု ဖြစ်နိုင်ကြောင်း သိရှိရသည့်အတွက် ရေချွေတာရေး၊ ကြိုတင်စုဆောင်းရေး၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ ရေရှားပါးမှု အခက်အခဲ ကြုံတွေ့လာရပါက ဖြန့်ဝေပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန်နှင့် တိုင်းပြည်ရဲ့ ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုးတက်စေဖို့ လိုအပ်တဲ့ဖွံ့ဖြိုးရေးဆိုင်ရာ အကြံဉာဏ်ကောင်းများ၊ ဆွေးနွေးညှိနှိုင်းချက် များဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြားပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပသော ခရိုင်မှူးများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာစီမံကိန်းMIS စနစ်အသုံးပြုနည်းဆရာဖြစ်သင်တန်း(၁/၂၀၂၃)သင်တန်းသို့ တက်ရောက် နေသော သင်တန်းသားများအား အမှာစကားပြောကြားရာ ကျေးလက်နေပြည်သူများ လမ်းပန်း ဆက်သွယ် ရေးလွယ်ကူချောမွေ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ ဈေးကွက်သို့ အမြန်ရောက်ရှိရေးအတွက် ကျေးလက်ဒေသလမ်း၊ တံတားများကို မဟာဗျူဟာရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ လမ်း၊ တံတားများ ရေရှည်ဖွံ့ဖြိုး ကောင်းမွန်စေရေးအတွက် ကြိုတင်လေ့လာဆန်းစစ်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ပြီး သတ်မှတ်စံချိန်၊စံညွှန်းများနှင့်အညီ တည်ဆောက် နိုင်ရေး ဒီဇိုင်းရေးဆွဲဆောင်ရွက်ကြရန်၊ တည်ဆောက်စဉ်ကာလအတွင်း အရည်သွေးစစ်ဆေးခြင်းများအား လုပ်ငန်းစဉ်များနှင့်အညီ စစ်ဆေးကြပ်မတ်သွားကြရန်၊ ပုံမှန်စစ်ဆေးပြီး ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်ရန်၊ ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံး၊ လုပ်နည်းများ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအား လိုက်နာကြရန်၊ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေး ဦးတည်ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းပိုမိုအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ခေတ်မီနည်းပညာများအသုံးပြု၍ ယခုထက် ပိုမိုပြည့်စုံ ကောင်းမွန်စေရေး ဆောင်ရွက်ရန်နှင့် ပြည်သူလူထု၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား အထောက်အပံ့ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ထိရောက်ပျော်ရွှင်သော လုပ်ငန်းခွင်ဖြစ်စေရေး စီမံဆောင်ရွက်သွားကြရန်၊ လုပ်ငန်းများကို စေတနာထားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။