Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အရာထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား တက်ရောက်


16 Oct,2023

နေပြည်တော် အောက်တိုဘာ ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ အရာထမ်းများ  လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နေ့လည်ပိုင်းက  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၆ ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဗဟိုသမဝါယမအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမ အသင်းစုချုပ်များမှ တာဝန်ရှိသူများ၊  ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများ စုစုပေါင်း (၂၁၅) ဦး တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် ယခု  အလုပ်ရုံဆွေးနွေးပွဲတွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနအဆင့်ဆင့်ရှိ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်မှ ညွှန်ကြားရေးမှူး အဆင့်ထိ အရာထမ်း ၉၇ ဦးအား ၄ ရက်ကြာ ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ပါကြောင်း။

အရာထမ်းနှင့်အမှုထမ်းဝန်ထမ်းများအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း၊ စုဆောင်းငွေအားပေးမြှင့်တင်ရေးစည်းရုံးလှုံ့ဆော်ခြင်းသင်တန်း၊ ငွေစုဆောင်းတတ်သည့် အလေ့အကျင့်ဆိုင်ရာအသိပညာပေးစည်းရုံးလှုံ့ဆော်ပွဲများ၊ မြန်မာနိုင်ငံရှိ အသေးစားချေးငွေလုပ်ငန်းများတွင် ငွေစုဆောင်းသည့်အလေ့အကျင့်များ ဖြစ်ပေါ်ရေးအလုပ်ရုံ ဆွေးနွေး ပွဲများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ သင်တန်းများ၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားရေးဆိုင်ရာသင်တန်းများ၊ ဆရာ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်းများကို ဖွင့်လှစ် ပို့ချပေးခဲ့ပြီး ဖြစ်ပါကြောင်း။

ဌာနအကြီးအကဲများ၊ ဦးဆောင်နေရသူများ၏ အရည်အသွေးများကို ဖွံ့ဖြိုးတိုးတက် စေရန်အတွက် တက်ရောက်လာကြသူများက အတွေ့အကြုံ၊ အခက်အခဲ၊ တိုးတက်စေရေး နည်းလမ်းများနှင့် အကြံပြုချက်များ ဖလှယ်ကြစေလိုပါကြောင်း။ မိမိတို့ဝန်ကြီးဌာန၏ (၂)နှစ်ခွဲ ကာလအတွင်း တိုးတက်အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်း ကြိုတင်ပြင်ဆင်ထားကြဖို့လိုပါကြောင်း။ ဆွေးနွေးပွဲမှ ရလဒ် Result ကောင်း များရရှိနိုင်စေရန် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် ဦးစီးမှူး၊ ဦးစီးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင် ရေးသင်တန်းများ ဆက်လက်ဖွင့်လှစ်ပို့ချပေးသွားမှာ ဖြစ်ပါကြောင်း။

ရောင်းချထားသည့်လယ်ယာသုံးစက်ကိရိယာများဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များနှင့် အသင်းပိုင်လယ်များတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လက်တွေ့ဆောင်ရွက်နေသည့် ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ (ပဲတီစိမ်း၊ နွေစပါး၊ မိုးစပါး) စိုက်ပျိုး ဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်း လုပ်ငန်းစီမံချက်တွေ၊ ရန်ပုံငွေစီမံခန့်ခွဲမှုစီမံချက်တွေနှင့် ချုပ်ဆိုဆောင်ရွက်ရမည့် စာချုပ်ပုံစံများကို အပြန်အလှန်ဆွေးနွေး ဆောင်ရွက်သွားစေလိုကြောင်း။ အဓိကအရေးကြီးသည့် စာရင်းပြုစုခြင်းနှင့် စာရင်းစစ်ဆေးခြင်းဘာသာရပ်များကို ဆွေးနွေးကြရန် မှာကြားလိုပါကြောင်း။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သမဝါယမစနစ်ကို ကျင့်သုံးပြီး အစုအဖွဲ့များဖြင့် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စုပေါင်းဆောင်ရွက်သည့် အလေ့အကျင့် ကောင်းများရရှိအောင် ဆောင်ရွက်ရန်လိုပြီး တောင်သူလယ်သမားများ၏အကျိုးကို ဖော်ဆောင်ပေးရန် လိုအပ်ပါကြောင်း။

မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုင်းဒေသ ကြီး/ပြည်နယ်(၁၃)ခုတို့ရှိ မြို့နယ်ပေါင်း (၁၇၈)မြို့နယ်မှ အသင်းပေါင်း(၁၀၆၆)သင်းရှိ အသင်းသား (၂၈၆၁၀)ဦးအတွက် တစ်ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းနှင့် ညီမျှသောသွင်းအားစုများပံ့ပိုးရန် လုပ်ထုံးလုပ် နည်းစည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ထားရှိပါကြောင်း၊ တောင်သူများ၏ စိုက်ပျိုးမြေများပေါ်တွင် အမှန်တကယ်စိုက်ပျိုးသွားရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်မှူးများမှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ အမှန်တကယ်လုပ်ကိုင်သည့် တောင်သူများအား သမဝါယမအသင်းများ ဖွဲ့စည်းပြီး လိုအပ်သောမတည်ရင်းနှီးငွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများမှ အသုံးပြုဆောင်ရွက်ရန်၊ နည်းပညာနှင့် သွင်းအားစုများကိုလည်းရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ လိုအပ်သည့် မျိုးကောင်း မျိုးသန့်စပါးများနှင့် ကြက်၊ ဝက်၊ ဆိတ်၊ နွားမွေးမြူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန်နှင့် အသင်းများ အောင်မြင်စေရန် ကြီးကြပ် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း။ တစ်ဧက စပါးတင်းတစ်ရာထွက်ရှိရန် မျိုး၊ မြေ၊ ရေ၊ နည်းပညာ စတဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမှာဖြစ်ပါကြောင်း။ သမဝါယမ အသင်းလုပ်ငန်းတွေ ဆောင်ရွက်ရန် ငွေကြေးအရင်း အမြစ်ရရှိနိုင်သည့်နည်းလမ်းကို ရှာဖွေပြီး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း။

သမဝါယမသည် စုပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက်တည်းဖြင့် လုပ်ဆောင်၍ မဖြစ်နိုင်သည့်ကိစ္စကို စိတ်တူကိုယ်တူ အတူတူပူးပေါင်း လုပ်ကိုင်မှသာ အောင်မြင်မှု အနှစ်သာရကို ဖော်ဆောင်နိုင်မှာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် သမဝါယမလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တစ်ဦးတစ်ယောက် ဆောင်ရွက်ခြင်းထက် အများစုပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်ပြီး ဦးစီးဌာနအချင်းချင်း သော်လည်းကောင်း၊ သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများအချင်းချင်းသော်လည်းကောင်း ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ငန်းများ အောင်မြင်မှုရှိစေရန်နှင့် မိမိတို့ဌာန ဖွံ့ဖြိုးတိုးတက်ရေးကို အမြဲမပြတ် အလေးထားဆောင်ရွက်ရန်၊ ဆွေးနွေးပွဲက ရရှိလာသည့်ရလဒ်ကောင်း များကို မိမိတို့ရဲ့ လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချပြီး အကျိုးရှိရှိဆောင်ရွက်ကြရန်၊ သမဝါယမစနစ် ပီပြင်စွာနဲ့ ပြည်သူများကို ဝန်ဆောင်မှု ပေးနိုင်အောင်၊ သမဝါယမစနစ်၏ ကောင်းကျိုးများကို ဖော်ဆောင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားခဲ့ပါသည်။ တက်ရောက်လာကြသော တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာန မှူးမှ တင်ပြရန်ရှိသည်များကို တစ်ဦးချင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် သင်တန်းသား သင်တန်းသူများအား ခေါင်းဆောင်မှုဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ၊ အဂတိတားဆီးကာကွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး OVOP လုပ်ငန်းအတွက် Pilot Project ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုဘတ်ဂျက်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီးအဖွဲ့များတွင် ခွဲဝေပေးထားသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သမဝါယမ(မြစိမ်းရောင်)စီမံကိန်းလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အားသာ/ အားနည်းချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm