Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် ညောင်ဇင်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုစစ်ဆေး


16 Oct,2023

ချောက်     အောက်တိုဘာ      ၁၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ညောင်ဇင်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက အောက်တိုဘာ ၁၄ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့် နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ညောင်ဇင်ကျေးရွာသောက်‌သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ ၄ လက်မအကျယ် အနက် ၉၀၀ ပေ စက်ရေတွင်းတူးဖော်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းနှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာရေရရှိရေးကော်မတီဝင်များအား ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍားရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၉ ဒသမ ၆၂ သန်းအသုံးပြု၍ ညောင်ဇင်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ပါဝါမီတာတပ်ဆင်ခြင်းလုပ်ငန်းများကို ဌာနမှ အင်ဂျင်နီယာစုဖွဲ့မှုဖြင့်လည်းကောင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေစုကန်တည်ဆောက်ခြင်းနှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ရဲထိုက်သူ ကုမ္ပဏီကတာဝန်ယူ၍လည်းကောင်း ယခုနှစ် စက်တင်ဘာလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ အဆိုပါကျေးရွာရှိ အိမ်ခြေ ၂၂၈ အိမ်၊ လူ ၁၂၅၃ ဦး နှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသောသောက်သုံးရေလုံလောက်စွာရရှိပြီး နွေရာသီကာလများတွင် ရေရှားပါးသည့် အခက်အခဲများကို ကုစားနိုင်မည်ဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm