Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သက်မွေးပညာရပ်နှင့်အတူ အထက်တန်းအဆင့် ပညာရေးမှသည် အဆင့်မြင့် တက္ကသိုလ်၊ ကောလိပ်ပညာရေးအထိ တက်လှမ်းနိုင်မည့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ မကြာမီ ဖွင့်လှစ်တော့မည်


13 Jun,2022

 

( နဒီမင်း)

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် လူငယ်လူရွယ်များ လုပ်ငန်းခွင် အတွင်း စွမ်းဆောင်ရည်ပြည့်၀သော ကျွမ်းကျင်သူ၊ ပညာရှင်များ ဖြစ်လာ‌စေရန် ပြုစုပျိုးထောင်ရာတွင် အတန်းပညာသာမက သက်မွေးပညာကဏ္ဍသည်လည်း လွန်စွာမှပင် အရေးပါလှသည်။

ပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်းအရ လူငယ်၊ လူရွယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရန် အတန်းပညာနှင့်အတူ အသက်မွေး၀မ်းကျောင်းပြုနိုင်မည့် အတတ်ပညာရပ်တစ်ခုခု တတ်မြောက် ထားသင့်သည်။ အထူးသဖြင့် ပညာရေးအခြေခံအားနည်းသည့် လူငယ်၊ လူရွယ်များ၏ ဘ၀ရှင်သန်ရပ်တည် ရေးတွင် သက်မွေးပညာသည် ပို၍ပင်  လိုအပ်လှသည်။

နိုင်ငံတော်မှ  ပညာရေးနှင့်ပတ်သက်သည့် လက်တွေ့ကျသော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် လျက်ရှိသည့်အပြင်   နိုင်ငံအတွင်းရှိ စီးပွားရေး ကုန်ထုတ်လုပ်မှုကဏ္ဍ အသီးသီးအတွက် လိုအပ်သည့်    ကျွမ်းကျင်လူငယ်လုပ်သားများ မွေးထုတ်နိုင်ရေး သက်မွေးပညာသင်ကျောင်းများနှင့် နည်းပညာကျောင်း များအား  နိုင်ငံတစ်ဝှမ်း တိုးချဲ့ဖွင့်လှစ်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိသည်။

ပညာရေးနှင့်သက်မွေးပညာသင်တန်းကျောင်းများ အဆင့်အတန်းမြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်၀န်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအ‌ဝေးအမှတ်စဉ် ၄ / ၂၀၂၂ တွင် - “မိမိတို့အစိုးရအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုအဖြစ် KG+9 ပညာရေးစနစ်ကို မသင်မနေရအဖြစ် အကောင်အထည်‌ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း အဆိုပါပညာရေးစနစ်နှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေး ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ယင်းစနစ်သည် ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သည် နှစ် ၃၀ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းတွင် ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း KG+9 သင်ယူပြီးပါက KG+10,11,12  မှတစ်ဆင့် အဆင့်မြင့်ပညာရေးသို့လည်းကောင်း၊ စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း၊ စက်မှုလက်မှုအထက်တန်းကျောင်းအပါအ၀င် အသက်မွေးပညာသင်ကျောင်း များသို့လည်းကောင်း ဆက်လက်တက်ရောက် သင်ကြားနိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် အဆိုပါအသက်မွေးပညာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး  ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ထိုကျောင်းများမှတစ်ဆင့် ထူးချွန်ကျောင်းသားကျောင်းသူများကို  သက်ဆိုင်ရာ တက္ကသိုလ်ပညာရပ်များ ဆက်လက်သင်ကြားနိုင်ရေး သက်ဆိုင်ရာ၀န်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း’’ ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံတော်၀န်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီး ဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့်  အထက်တန်းပညာပြီးဆုံးအောင် သင်ယူရန် အခက်အခဲရှိသည့် မိသားစု ဆင်းရဲနွမ်းပါးသည့် လူငယ်၊ လူရွယ်များအား  နေရေး၊ စားရေး၊ ပညာသင်ကြားရေး အားလုံးအခမဲ့စနစ်ဖြင့် ဘ၀ရှင်သန်ရပ်တည်ရေး အာမခံချက်ပေးနိုင်သည်အထိ သင်ကြားပေးနိုင်မည့် သမဝါယမသက်မွေးပညာ သင်ကျောင်းများကို ဖွင့်လှစ်နိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။

လူငယ်များစီးပွားရေးဆိုင်ရာ စာရင်းရေး၊ စာရင်းကိုင်နှင့်ကွန်ပျူတာပညာရပ်များကို ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက်ပြီး အတန်းကျောင်းပညာရေးကိုပါ တစ်ပါတည်း အခမဲ့သင်ယူခွင့်ရမည့် သမဝါယမ စာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများကို  တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး မြို့ကြီးများတွင်  ယခုလာမည့် ဇွန်လ ၁၆ ရက်နေ့မှစတင်ကာ တစ်ပြိုင်တည်း ဖွင့်လှစ်တော့မည် ဖြစ်သည်။

အဆိုပါ ကျောင်းများကို  အခြေခံပညာအဋ္ဌမတန်း အောင်မြင်ပြီးသော်လည်း  ပညာဆက်လက် သင်ယူရန် အခက်အခဲရှိသူများအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ သမဝါယမဦးစီးဌာန အောက်ရှိ သမဝါယမသင်တန်းကျောင်းနှင့် သမဝါယမကူးသန်းရောင်း၀ယ်ရေးသင်တန်းကျောင်းများ ပေါင်းစည်း ဖွင့်လှစ်ခြင်းဖြစ်သည်။ ထိုသို့ဖွင့်လှစ်ရာတွင်-

(၁)  စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အခြေခံမှစ၍ ကျွမ်းကျင်တတ်မြောက်သည့် လူငယ် စီးပွားရေးပညာတတ်များကို မွေးထုတ်ရာတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်နေသော သင်ကြားရေးဌာန၊ လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းနိုင်ရန်နှင့် ဒေသခံ လူငယ်များအတွက် ဆက်လက်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်ရန်၊

(၂)   ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို သမဝါယမကဏ္ဍအပါအ၀င် စီးပွားရေး အဖွဲ့အစည်းများနှင့် အစိုးရဌာနများအတွက် စာရင်းရေး၊ စာရင်းကိုင်ပညာ၊ စာရင်းစစ်နှင့် ပတ်သက်၍ အရည်အသွေးပြည့်၀သော ကျွမ်းကျင်မှုအာမခံချက်များရှိသည့် သင်တန်းသားများ ကို မွေးထုတ်ပေးရန်၊

(၃)  စာရင်းရေးစာရင်းကိုင်သက်မွေးမှုပညာသင်ယူစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးရန်၊

(၄)  သက်မွေးမှုပညာ သင်ယူပြီးသော ထူးချွန်သူများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် များနှင့် သမဝါယမကောလိပ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ယူနိုင်ရန်အတွက် အခွင့် အလမ်းများရရှိနိုင်စေရန်၊

(၅)  Cooperative Accounting Vocational Training Centre (CAVT) အဖြစ် ပီပြင်စွာ ဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များ ပါ၀င်သည်။

 သင်တန်းတက်ရောက်လိုသူများသည်  အနည်းဆုံးအခြေခံပညာအဋ္ဌမတန်းအောင်မြင်ပြီးသူ

  • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)

ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်။ ဖုန်း ၀၈၁- ၂၁၂၁၃၂၀ ။

  • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး)

မကွေးဘူတာတောင်ဘက်၊ အောင်မေတ္တာ(ဃ)ရပ်ကွက်၊ မြင်းကင်းကျေးရွာအနီး၊ မကွေးမြို့။ ဖုန်း  ၀၆၃-၂၀၂၃၁၅၅

  • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်)

မြက်တိုလမ်းဆုံအနီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ။ ဖုန်း ၀၄၂-၂၉၀၀၃

  • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)

အရာတော်လမ်း ၊ မောင်ငံရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။ ဖုန်း ၀၅၇ ၂၇၀၇၈

  • သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မန္တလေး)

အကွက် ၁၇၇၊ ၈၃ လမ်း၊ ၂၅ - ၂၆ လမ်းကြား၊ ပြည်ကြီးကျက်သရေအနောက်ရပ်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ ဖုန်း ၀၂-၄၀၃၉၁၄၈

စသည့် မိမိတို့ဒေသနှင့် နီးစပ်ရာ သင်တန်းကျောင်းများသို့ ဆက်သွယ်လျှောက်ထားနိုင်မည် ဖြစ်ပြီး သင်တန်းကာလမှာ ၂ နှစ်ကြာမြင့်မည်ဖြစ်ကာ သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား ဦးရေ  ၅၀ ဦးမှ ၁၀၀ ဦးထိ လက်ခံသွားမည်ဖြစ်သည်။

သင်တန်းတက်ရောက်ခွင့်ရပါက သင်တန်းကာလအတွင်း သင်တန်းသားတစ်ဦးစီအတွက် စားသောက်စရိတ် တစ်လလျှင် ငွေကျပ် ၅၄၀၀၀ နှုန်း၊ ၀တ်စုံစရိတ် တစ်နှစ်အတွက် ငွေကျပ် ၂၅၀၀၀ နှုန်း၊ အဆောင်နေသူများအတွက် ဖျာနှင့်ခြင်ထောင်များကို ထောက်ပံ့ပေးမည်ဖြစ်ကာ နယ်‌‌ဝေးမှ လာရောက်သူ များကို အဆောင်စီစဉ်ပေးမည်ဖြစ်သည်။

စာသင်နှစ်ကာလမှာ အခြေခံပညာကျောင်းများနည်းတူ ဇွန်လဆန်းမှ ဖေဖော်ဝါရီလအထိဖြစ်ပြီး  ပညာသင်နှစ် တစ်နှစ်အတွင်း  လပတ်စာမေးပွဲ အနည်းဆုံး ၆ ကြိမ် ဖြေဆိုရမည်ဖြစ်သည်။  ကျောင်းခေါ်ချိန် ၇၅ % ပြည့်မီပြီး Internship Period ကို အပြည့်အ၀ဆင်းနိုင်သူ၊ စာမေးပွဲများတွင်  သက်ဆိုင်ရာ ဘာသာရပ်အလိုက် ရမှတ် ၄၀ နှင့် အထက်ရသူများကိုသာ  သင်တန်းဆင်းလက်မှတ် (Certificate) ချီးမြှင့် သွားမည်ဖြစ်သည်။

သက်မွေးပညာသင်တန်းကျောင်းဖြစ်သည့်အတွက် သင်တန်းကာလအတွင်း  စာတွေ့၊ လက်တွေ့၊ လုပ်ငန်းခွင်အတွေ့အကြုံကိုပါ တစ်ပါတည်း ရရှိစေရေးအတွက် Internship Period များ ထည့်သွင်း ရေးဆွဲထားပြီး  သမဝါယမအသင်းများနှင့် စီးပွားရေးအဖွဲ့အစည်းများသို့ အလုပ်သင်အဖြစ် စေလွှတ်ပေး မည်ဖြစ်သည်။

ထို့ပြင် သင်တန်းသားများ၏ Internship Period နှင့် သင်တန်းအပြီး အလုပ်အကိုင် တစ်ပါတည်း ရရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် သမဝါယမအသင်းများကို ဖိတ်ခေါ်ပြီး Job Fair များ ပြုလုပ်ဆောင်ရွက်မည်ဖြစ်သည်။

ယခုဖွင့်လှစ်မည့် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ (၂)နှစ်သင်တန်းကို အပိုင်း နှစ်ပိုင်းခွဲကာ  ပထမနှစ်တွင်  Business Accounting ၊ Fundamentals of ICT ၊ သမဝါယမပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒဘာသာရပ်များ  သင်ကြားပေးမည်ဖြစ်ပြီး ဒုတိယနှစ်တွင် Cost Accounting, Financial Accounting, Computerized Accounting, Business Organization and Management၊ သမဝါယမစာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များကို သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ဆရာ၊ ဆရာမများက  သင်ကြား ပို့ချသွားမည်ဖြစ်သည်။

ထို့နောက် သင်တန်းပြီးဆုံးအောင်မြင်သူများအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်သင်ကြားရေးဆိုင်ရာညွှန်ကြားမှုအဖွဲ့မှ သင်တန်းဆင်းလက်မှတ်  ( Certificate) ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

ပညာဆက်လက်သင်ယူနိုင်မည့်အခွင့်အလမ်း

ထို့ပြင် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်း ပြီးဆုံးအောင်မြင်သူများအနက် သတ်မှတ်အရည်အချင်းပြည့်မီသူများကို သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ပေါင်းကူး၍ ဆက်လက်သင်ကြားနိုင်မည့်အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။ 

သင်တန်းဆင်းပြီးပါက စာရင်းရေး၊ စာရင်းကိုင် ပညာရပ်အား အခြေခံကျကျ သိရှိနားလည် တတ်ကျွမ်းခြင်း၊ ခေတ်မီစီမံခန့်ခွဲမှု ပညာနှင့် ကွန်ပျူတာ စာရင်းကိုင် ပညာရပ်များ တတ်ကျွမ်းခြင်း၊ အစိုးရ အဖွဲ့အစည်းများ သမဝါယမဆိုင်ရာအဖွဲ့အစည်းများ၊ ပြင်ပအသင်းအဖွဲ့များ၊ လုပ်ငန်းများနှင့် ကုမ္ပဏီများ တွင် အလုပ်လျှောက်ထားရာ၌ အထောက်အကူဖြစ်စေမည်ဖြစ်သည်။

ယခုဖွင့်လှစ်သည့် သင်တန်းကျောင်းများသည် ယခင်ကတည်းကပင် နာမည်ကောင်းဖြင့် ထင်ရှား သည့် ကျောင်းများဖြစ်ပြီး အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ၊ စာရင်းရေး၊ စာရင်းကိုင်ပညာရပ်တွင် စိတ်၀င်စားသူများအား သုံးလခွဲသင်တန်းများ ဖွင့်လှစ်ကာ  ကျွမ်းကျင်သူအများအပြား မွေးထုတ်ပေးခဲ့ရာ သင်တန်းကျောင်းများလည်းဖြစ်သည်။

နိုင်ငံ၏ စီးပွားရေးကဏ္ဍ နယ်ပယ်အသီးသီးရှိ လုပ်ငန်းခွင် ၀င်ရောက်ကြမည့် လူငယ်များအတွက်  သက်မွေးပညာသင်တန်းကျောင်းများ နိုင်ငံအနှံ့ ဖွင့်လှစ်ခြင်းသည်  နိုင်ငံအတွက် အားထားရမည့် စွမ်းရည် ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနေခြင်းပင်ဖြစ်သည်။

သို့ဖြစ်ရာ  စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် သက်မွေးမှုပြုလိုကြသည့် လူငယ်၊ လူရွယ်များသည်  မကြာမီ ဖွင့်လှစ်တော့မည့် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများတွင် တက်ရောက်ပညာသင်ကြားခြင်းဖြင့် မိမိတို့ဘ၀ရှင်သန်ရပ်တည်ရေး အလုပ်အကိုင်အတွက် အာမခံချက် ပေးနိုင်သည့်  သက်မွေးပညာရပ်နှင့်အတူ  အထက်တန်းအဆင့်ပညာရေးမှသည် အဆင့်မြင့်တက္ကသိုလ်၊ ကောလိပ်ပညာရေးအထိ တက်လှမ်းနိုင်မည်ဖြစ်ရာ  ပညာပြည့်၀ပြီး  နိုင်ငံအတွက် အားထားရသည့် လူငယ် များ  အဆိုပါကျောင်းများမှ ပေါ်ထွက်လာတော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။           ။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm