Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မဘိမ်းမြို့နယ် ပွေးတူးကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


16 Oct,2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ပွေးတူးကျေးရွာ၌ ရေရရှိရေးလုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေများကို စက်တင်ဘာ ၃၀ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးမိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(နည်း) ဦးစိုင်းတင်ထွန်းဦးနှင့် တာဝန်ရှိသူများက ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ ပွေးတူးကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(နည်း) ဦးစိုင်းတင်ထွန်းဦးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ပွေးတူးကျေးရွာ၌ သောက်သုံးရေရရှိရေးအတွက် အကျယ်‌ လေးလက်မ၊ အနက် ပေ၄၀၀ခန့်ရှိ စက်ရေတွင်းတူးဖော်ခြင်း အလျား၁၀ပေ၊ အနံ ရှစ်ပေ၊ အမြင့်ရှစ်ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလံ ၂၄၀၀ဆံ့ စင်မြင့်ရေ စင်တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ၂၀၂၃-၂၀၂၄ခုဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒဿမ ၁သန်းဖြင့် တင်ဒါအောင်မြင်သည့် ပြည့်ဝချမ်းသာ ကုမ္ပဏီက ယခုနှစ် ဇူလိုင်လ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၇၀ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ပွေးတူးကျေးရွာရှိ အိမ်ခြေ ၁၀၅အိမ်၊ လူဦးရေ ၅၁၄ဦး နှင့် ကျွဲ၊ နွားတိရစ္ဆာန်များအတွက် ရာသီမရွေး သောက်သုံးရေဖူလုံစွာရရှိမည် ဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm