Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကြာမီဖွင့်လှစ်တော့မည့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ


12 Jun,2022

မြင့်စိုး(နတလ)

အမည်ပြောင်းလဲခေါ်ဝေါ်

          ရှေးယခင်က အချို့သင်တန်းကျောင်းများသည် သမဝါယမကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်း အမည်ဖြင့် ရပ်တည်ပေါ်ပေါက်လာခဲ့သည်။ အချို့သင်တန်းကျောင်းများ ကမူ သမဝါယမသင်တန်းကျောင်းအမည်ဖြင့် ရှိနေခဲ့ပါသည်။ ယခုအခါ သင်တန်းကျောင်း၏ ဖွဲ့စည်းပုံနှင့် သင်ကြားပေးမည့် ဘာသာရပ်များကို ပြင်ဆင်မွမ်းမံ၍ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းအမည်ဖြင့် မန္တလေး၊ မကွေး၊ တောင်ကြီး၊ ပုသိမ် နှင့် မော်လမြိုင်မြို့များတွင် လာမည့်ဇွန်လ (၁၆) ရက်နေ့၌ တပြိုင်တည်း ဖွင့်လှစ်မည် ဖြစ်ပါသည်။

သင်တန်းကျောင်းများ၏ ရာဇဝင်နှင့် တည်နေရာ

          မကြာသေးမီက ကျွန်တော်ရေးသားတင်ပြခဲ့ဖူးသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်ရှိ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်းများကဲ့သို့ပင် သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ၏ သမိုင်းနောက်ခံလေးများမှာ အောက်ပါအတိုင်း အသီးသီးအသက ရှိနေခဲ့ကြသည် -

(က)   သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မန္တလေး)

          ပညာရေးဝန်ကြီးဌာန၊ စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနလက်အောက် တွင် မန္တလေး ကူးသန်းရောင်းဝယ်ရေးပညာသင်ကျောင်း အမည်ဖြင့် ၁၉၇၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်း ကျောင်း(မန္တလေး)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။ မန္တလေးမြို့၊ အောင်မြသာစံ မြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၈၃ လမ်းနှင့် ၂၅ x ၂၆ လမ်း ကြားတွင် တည်ရှိနေပါသည်။

()     သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)

          သမဝါယမဝန်ကြီးဌာန၏ ၁၉၉၈ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ ရက်စွဲပါညွှန်ကြား စာဖြင့် သမဝါယမသင်တန်းကျောင်း(မကွေး)ကို စတင်ဖွဲ့စည်းတည်ထောင်ပေး ခဲ့သည်။ မကွေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေဖြင့် အဆိုပါသင်တန်းကျောင်းကို မကွေးမြို့နယ်၊ ဆားတိုင်ကံကျေးရွာတွင် ဖွင့်လှစ် ပေးခဲ့သည်။ ၂၀၀၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့၌ လက်ရှိနေရာဖြစ်သော မကွေး မြို့၊ အောင်မေတ္တာလာရပ်ကွက်၊ မြင်းကင်းကျေးရွာသို့ ပြောင်းရွှေ့ဖွင့်လှစ် ခဲ့ပါသည်။

()     သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)

          သမဝါယမသင်တန်းကျောင်း(တောင်ကြီး)ကို ၁၉၇၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းတပ်တွင်း ပညာပေးသင်တန်း ကျောင်း၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့၌ လက်ရှိနေရာ တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

()   သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်အရှေ့မြို့နယ်၊ အမှတ် ၅ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းတွင် ၁၉၇၀ ပြည့်နှစ်မှစတင်၍ ဖွင့်လှစ်ခဲ့သည်။ ယင်းမှ ၁၉၇၁/ ၇၂ ခုနှစ်တွင် ပုသိမ်အနောက်မြို့နယ်၊ ပါတီယူနစ်ရုံးအား ပြုပြင်မွမ်းမံ ဖွင့်လှစ် ခဲ့သည်။ ၁၉၇၂/၇၃ တွင် အမှတ် ၆ အခြေခံပညာအလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်သည်။ ၁၉၇၄/၇၅ တွင် လွန်ကန်သို့ ထပ်မံပြောင်းရွှေ့ဖွင့်လှစ် ခဲ့ပါသည်။ သမဝါယမသင်တန်းကျောင်းအား ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့၌ နည်းပညာဝန်ကြီးဌာန၊ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ နည်းပညာ ကောလိပ် GTC လွှဲပြောင်းပေးအပ်ပြီး ပုသိမ်လေယာဉ်ကွင်းရှေ့ရှိ ငြိမ်းချမ်း ဝန်ဆောင်သမဝါယမအသင်းလီမိတက်တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၀၀/၂၀၀၁ ခုနှစ်တွင် ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ သတ်မှတ်ပေးထားသော အမှတ် ၁၃ ရပ်ကွက်၌ သမဝါယမ သင်တန်းကျောင်းကို ဆောက်လုပ်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ်၊ ဇူလိုင်လတွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။

()     သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)

          အရှေ့တောင်တိုင်း သမဝါယမသင်တန်းကျောင်းအမည်ဖြင့် ၁၉၇၀ ပြည့်နှစ်တွင် တိုင်းတပ်တွင်းပညာပေးသင်တန်းကျောင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၅ ခုနှစ် တွင် မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်ရှိ ပညာရေးဝန်ကြီးဌာနပိုင် ဗညားဒလ ဆောင်သို့ ပြောင်းရွှေ့ဖွင့်လှစ်သည်။ ၁၉၇၈ တွင်မူ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့်သက်ဆိုင်သော ပြည်နယ်/တိုင်းသမဝါယမသင်တန်း ကျောင်းအဖြစ် မော်လမြိုင်မြို့၊ မောင်ငံရပ်၊ အရာတော်လမ်း၌ ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ်တွင် သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း ဖြစ်လာခဲ့ ပါသည်။

သင်တန်းကျောင်းများ၏ ရည်ရွယ်ချက်

          သမဝါယမဝန်ကြီးဌာနအနေဖြင့် ဖွင့်လှစ်ခဲ့သော သမဝါယမသင်တန်းကျောင်းများ၊ သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်းများသည် စာရင်းကိုင်ပညာ ကျွမ်းကျင် တတ်မြောက်သော လူငယ်များ မွေးထုတ်၍ စီးပွားရေးလုပ်ငန်းအသီးသီးတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်၊ မိမိတတ်ကျွမ်းထားသော စာရင်းကိုင်ပညာကို အခြေခံ၍ နိုင်ငံတော်အား အထောက်အကူဖြစ်စေမည့် စာရင်းကိုင်ပညာနှင့် ကွန်ပျူတာပညာရပ်များကို လေ့လာသင်ယူခွင့်ရစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်နယ်နှင့် တိုင်း ဒေသကြီးအသီးသီးတွင် အခြေခံပညာကို ဆက်လက်သင်ယူရန် အခက်အခဲရှိသူများ၊ အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ပညာ ဆက်လက်မသင်ကြားနိုင်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ တက္ကသိုလ်ပညာကို ပေါင်းကူးတက်ရောက်ခွင့် ရရှိစေရန်အတွက် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများအား အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပါသည် -

(က)   ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး စာရင်းကိုင်ပညာ ဖြင့် သက်မွေးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊

(ခ)     သက်မွေးမှုပညာ သင်ယူတတ်မြောက်ပြီးသူများထဲမှ ထူးချွန်သူများကို  သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်စေရန်။

သင်ကြားပို့ချပေးမည့် ဘာသာရပ်များ

          အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ပြီးသည့် ကျောင်းသား၊ ကျောင်း သူများအား လက်ခံ၍ (၂) နှစ်သင်တန်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။ ပထမနှစ် သင်တန်းတွင် စာရင်းရေးစာရင်းကိုင်ဘာသာရပ်၊ Fundamental ICT ဘာသာရပ်၊ သမဝါယမ ဘာသာရပ်များနှင့်အတူ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။ ဒုတိယနှစ်သင်တန်းများတွင်မူ စာရင်းရေးစာရင်းကိုင် ပညာကို အလေးထား၍ Cost Accounting၊ Financial Accounting၊ Business Accounting၊ Computerized Accounting၊ Business Organization and Management၊ သမဝါယမစာရင်း ကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များကို သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။

လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး

          ၈ တန်းအောင်ဆိုပေမဲ့လို့ ဒီအရွယ်လေးတွေဟာ ပီဘိကလေးငယ် အရွယ်လေးတွေပါပဲ၊ မိဘရင်ခွင်ကခွာပြီး ဒီမှာကျောင်းလာတက်တုန်း ငါတို့သေချာစောင့်ရှောက်ပေးရမယ်၊ ကျောင်း ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ်၊ ရည်မှန်းချက်အတိုင်း စာရင်းရေးစာရင်းကိုင်ပညာ နဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့ လူငယ်လူရွယ်တွေ မွေးထုတ်ပြီး အလုပ်အကိုင် အခွင့် အလမ်းတွေ ဖန်တီးပေးဖို့၊ သမဝါယမကောလိပ်နဲ့ တက္ကသိုလ်တွေမှာ ဆက်လက်သင်ယူခွင့် ရစေဖို့ အလေးထားဆောင်ရွက်ကြရမည်ဟု သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမြဲမှာကြားလေ့ရှိသည်။

          ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ သင်တန်းကျောင်း ၅ ကျောင်းတွင် လက်ခံထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေအတိုင်း၊ ကျောင်းဝတ်စုံများ၊ ကျောင်းသုံး ပြဌာန်းစာအုပ်များ၊ နေ့စဉ်စားသောက်စရိတ်၊ ဝတ်စုံစရိတ် စသည်တို့အပြင် စောင်၊ ခြင်ထောင်၊ အိပ်ရာခင်းများနှင့် အားကစားပစ္စည်းများကိုပါ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရေ၊ မီး၊ မိလ္လာစနစ် ကောင်းမွန်ရေး လိုက်လံစစ်ဆေး ကြည့်ရှုကာ လိုအပ်ချက်များကို ပြင်ဆင် ဆောင်ရွက်ပေးခဲ့ကြသည်။ ကျောင်းသား၊ ကျောင်းသူများ၏ အိပ်ဆောင်များတွင် 7W မီးချောင်း ၁၈ ချောင်း၊ 6W မီးလုံး ၂ လုံး တပ်ဆင်အသုံးပြုနိုင်သည့် 190W ဆိုလာပြား ၂ ချပ်ဖြင့် ဆိုလာ မီးစနစ် တပ်ဆင်ပေးထားပါသည်။ မိန်းကလေးဆောင်များ၏ လုံခြုံရေးနှင့် နေထိုင်မှု စည်းကမ်း ကောင်းမွန်ရေးအတွက် ဂရုပြု ဆောင်ရွက်ပေးထားသည်။

          သင်တန်းကာလမှာ ၂ နှစ်ဖြစ်လေရာ လာမည့်နှစ်ဆိုလျှင် ပထမနှစ်၊ ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူများ စုံစုံညီညီတက်ရောက်ကြတော့မည် ဖြစ်သည်။ နေထိုင် စားသောက်ရေးစရိတ်၊ စာသင်ဆောင်၊ အိပ်ဆောင်များလိုအပ်ချက်၊ သင်ကြားရေးဆရာဆရာမ များ လိုအပ်ချက်၊ ရေ၊ မီး၊ မိလ္လာလိုအပ်ချက်များမှအစ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည် ဖြစ်သည်။

ပုံရိပ်ကောင်းဖို့ ပြောင်းကြစို့

          ကျွန်တော်တို့ငယ်စဉ်ကတည်းက နားရည်ဝခဲ့သော စကားတစ်ခွန်းမှာ သားဝ၊ မယားဝ သမဝါယမဟု ပြောဆိုနေကြခြင်းပင် ဖြစ်သည်။ အမှန်ကမူ လမ်းစဉ်ပါတီခေတ်ကတည်းက စတင်ခဲ့သော သမဝါယမစနစ်ကြီးက မကောင်း၍မဟုတ်၊ ချမှတ်ထားသောမူဝါဒများ အလွန် ကောင်းပါသည်။ အဆိုပါ မူဝါဒနှင့် လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်ရာတွင် အားနည်းချက်များ ရှိခဲ့သည်။ သို့ရာတွင် မည်သည့်နေရာ၊ မည်သည့်ဌာနတွင် တာဝန်ယူရသည် ဖြစ်စေ ဆိုးမွေ၊ ကောင်းမွေ အားလုံးကို ခံယူကြရသည်ဖြစ်လေရာ အားနည်းချက်များကို သုံးသပ်ပြင်ဆင်၍ မိမိတို့ဝန်ကြီးဌာန၏ ပုံရိပ်ကောင်းများ ရရှိစေဖို့ ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်သည်။ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမကောလိပ်များ၊ ယွန်း ကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၊ ယခုဖွင့်လှစ်မည့် သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းများ အားလုံး၏ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ ဦးစီးဌာနများ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ ကိုလည်း အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ကြရမည် ဖြစ်သည်။ ထိုနည်းတူစွာ သမဝါယမအသင်း(ဗဟို)မှသည် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးရှိ အသင်းစုချုပ်များ၊ အသင်းစုများ၊ အသင်းအဖွဲ့များအနေဖြင့်လည်း နိုင်ငံတော်နှင့် တိုင်းရင်းသားအားလုံး၏ အကျိုးစီးပွားကို ဦးထိပ်ထားကာ မိမိတို့စွမ်းအားရှိသလောက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည် ဆိုပါလျှင် ကျွန်တော်တို့ဌာနအတွက်၊ ခေတ်အဆက်ဆက် မျှော်မှန်းခဲ့သော သမဝါယမစနစ် အတွက် ပုံရိပ်ကောင်းတစ်ခု ရရှိမည်မှာ မလွဲပါပေ။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm