Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သဘာဝဘေးဒဏ်သင့်ဒေသများ ရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ


12 Oct,2023

နေပြည်တော် အောက်တိုဘာ ၁၂

          သဘာဝဘေးဒဏ်သင့်ဒေသများ ရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်ငန်းများညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အပါအဝင် ကျေးလက်ရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ ကဏ္ဍတွင်ဆောင်ရွက်လျက်ရှိသော ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောပြည်တွင်းအဖွဲ့အစည်းများ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးခန့်ဇော်က ယခု ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဆိုင်ကလုန်မုန်တိုင်း “ မိုခါ ” တိုက်ခတ်ခြင်း နှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပြီး သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ပါကြောင်း၊ အဆိုပါ ဒေသများ၌ သက်ဆိုင်ရာဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် INGO၊ NGO အသီးသီးမှ ရေရရှိရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြပါကြောင်း၊ ယခုလိုဆောင်ရွက်ခဲ့မှု အခြေအနေများအပေါ် အားသာချက်၊ အားနည်းချက်များဖော်ထုတ်ပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ညှိနှိုင်း ဆွေးနွေးနိုင်ရန်အတွက် ယခုအစည်းအဝေးကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၆) ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် လူသားတိုင်းသန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် စဉ်ဆက်မပြတ် စီမံခန့်ခွဲကြိုးပမ်း အားထုတ်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ကောက်ယူခဲ့သော စာရင်းများအရ ရေရရှိရေး လွှမ်းခြုံမှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၇၇ ရာခိုင်နှုန်း ရရှိပြီးဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်(SDG) ရည်မှန်းချက်များ ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်ရာမှာ စနစ်တကျ နေရာဒေသ အကြားအလပ်မရှိ ဆောင်ရွက်ပေးနိုင်ဖို့ သက်ဆိုင်ရာဦးစီးဌာနများ၊ အဖွဲ့အစည်းများ အနေနှင့် ရေရရှိ‌ရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်၌ ကြုံတွေ့နေရသော အခက်အခဲများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဌာနဆိုင်ရာများမှ ပံ့ပိုး ပေးရန် လိုအပ်ချက်များ၊ ရှေ့ဆက်လက် ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး တင်ပြပေးစေလိုပါကြောင်း၊ ယခုဆွေးနွေးပွဲမှတဆင့် သဘာဝဘေးများကြောင့် ထိခိုက် ခဲ့ရသည့် ဒေသများ အပါအဝင် ကျေးလက်ဒေသများအားလုံးရှိ ပြည်သူများ၏  ရေရရှိရေး၊ ပတ်ဝန်း ကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ ပံ့ပိုးမှုများကို ပိုမိုထိရောက်စွာ ပံ့ပိုး ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဦးစီးဌာနများ၊ အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက် ကြစေလိုပါကြောင်း၊ ယခုလို လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း  ဆက်လက်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါကြောင်း၊ မိုးလေဝသ ခန့်မှန်းချက်များအရ လာမည့်နွေရာသီကာလတွင် အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်နိုင်ကြောင်း သတင်း ထုတ်ပြန်ထားပါသဖြင့် သက်ဆိုင်သူအားလုံးမှ အယ်လ်နီညို ကြိုတင်ပြင်ဆင်ထားစေ လိုကြောင်းနှင့် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက အစည်းအဝေးကျင်းပြုလုပ်ရခြင်းရည်ရွယ်နှင့် လုပ်ငန်းဆောင်ရွက်မှု အကျဉ်းချုပ် များအားလည်းကောင်း၊ သဘာဝဘေးဒဏ်သင့် ဒေသများ ရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေး၊ ကျန်းမာ သန့်ရှင်းရေးဆိုင်ရာ ဆောင်ရွက်မှုအား မှတ်တမ်းဗွီဒီယိုဖြင့် လည်းကောင်း ရှင်းလင်းတင်ပြပါသည်။

          ဆက်လက်၍ ဆက်စပ်ဦးစီးဌာနများမှ သဘာဝဘေးဖြစ်ပွားမှုကြောင့် ပျက်စီးခဲ့သော ရေနှင့် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ ‌လုပ်ငန်းများအတွက် အရေးပေါ်ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊  နိုင်ငံတကာအဖွဲ့အစည်းများမှ ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ ဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ အားလည်းကောင်း၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများမှ ရေရရှိရေးနှင့် ကျန်းမာ သန့်ရှင်းရေးဆိုင်ရာ ဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား လည်းကောင်း ကဏ္ဍအလိုက်အသီးသီးရှင်းလင်းတင်ပြကြရာ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ဦးသိန်းလွင်က နိဂုံးချုပ်အမှာစကားပြောကြား အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm