Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကျင်းပ


12 Oct,2023

မန္တလေး၊ အောက်တိုဘာလ(၁၂)ရက်

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးစီမံကိန်းလုပ်ငန်းဖြင့် ကျောက်ဆည်မြို့နယ်၊ အင်တိုင်းစံပြကျေးရွာမှ စက်ချုပ်လုပ်ငန်းလုပ်ကိုင်လိုသူ သင်တန်းသား (၁၅)ဦးအား အခြေခံစက်ချုပ်နည်းပညာနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ သင်တန်းသူများထဲမှ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ထားသော  ထူးချွန်သင်တန်းသူ (၅)ဦးအား စက်ချုပ်လုပ်ငန်းထူထောင်ပေးနိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ပါသည်။

          အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

           ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က သင်တန်းသူ(၅)ဦးအား (၁)ဦးလျှင် ကျပ်(၁၀)သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့က သင်တန်းဆင်း ထူးချွန်ဆုများနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

            ယင်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသူများကို အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm