Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ်၊ ကျောက်စရစ်ကုန်းကျေးရွာတွင် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်


09 Oct,2023

နေပြည်တော်၊ အောက်တိုဘာ ၉      

                  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ ဒေသတစ်ခုထုတ်ကုန်တစ်ခု လုပ်ငန်းအကောင်အထည်ဖော်မည့် ပုဗ္ဗသီရိမြို့နယ်၊ ညောင်လူးအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာတွင် ဝါးလက်မှုထည်လုပ်ငန်း လုပ်ကိုင်မည့်သူ(၁၁)ဦးအား ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ ပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ အသေးစားစက်မှုလက်မှုလုပ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ​ နေပြည်တော် MSME အသင်းမှ တာဝန်ရှိသူများ၊ ကျေးရွာရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာ၌ ဒေသတစ်ခုထုတ်ကုန်တစ်ခု ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအစီအစဉ်သည် ပြည်တွင်းဈေးကွက်တွင် အရည်အသွေးပြည့်မီသော  ထုတ်ကုန်ပစ္စည်းများကို သက်သာသော နှုန်းထားဖြင့် ပြည်သူများ အတွက် ရောင်းချနိုင်ရေး၊ မိရိုးဖလာလုပ်ငန်းများ အပါအဝင် ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန်အတွက် သင်တန်းသား/သင်တန်းသူများ အနေဖြင့် စနစ် တကျ လေ့လာသင်ယူသွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်(နည်းပညာ) က အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် နေပြည်တော်စီမံကိန်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဒေသတစ်ခုထုတ်ကုန်တစ်ခု ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ဝင်များအား စီမံကိန်းဝတ်စုံများပေးအပ်ခဲ့ပါသည်။

          အဆိုပါ ကျေးရွာတွင် ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာတတ်မြောက်နိုင်ရေးအတွက် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား/သူ(၅)ဦးအား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm