Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ


06 Oct,2023

နေပြည်တော်၊ အောက်တိုဘာ ၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပပြု လုပ်ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူး များနှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းတစ်ဦးချင်းစီ၏ ရပိုင်ခွင့်များ၊ ဌာနနှင့် ဝန်ကြီးဌာနအတွက် အကျိုးပြုတင်ပြချက်များကို ယခု ဆန္ဒဖော်ထုတ်ပွဲ၌ တင်ပြ စေလိုကြောင်း၊ ဝန်ကြီးဌာန၏ ရည်ရွယ်ချက်ဖြစ်သည့် "ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝမြှင့်မားစေရေးနှင့် မိသားစုဝင်ငွေတိုးရေး"ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းကို တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ ကျေးရွာ(၁၅၅)ရွာတွင် ကျေးရွာများအရောက် သင်တန်းများဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ စီမံကိန်းမှာ အပေါင်းလက္ခဏာဆောင်သည့် အောင်မြင်မှုများရရှိလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအတွက် သက်သာချောင်ချိရေး၊ လုပ်ငန်းခွင်ပျော်ရွှင်ရေး၊ ရာထူးများရရှိရေးတို့ အတွက်လည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းကို ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းများဖွင့်လှစ်ရာတွင် နည်းပြများအနေဖြင့် အရည်အသွေးကျွမ်းကျင်မှု ပြည့်ဝရန်လိုအပ်ပါကြောင်း၊ ရာသီကူးပြောင်းချိန်ဖြစ်၍ ကျန်းမာရေးဂရုစိုက်ကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင့်နှင့် မိသားစုကိုယ်ရေး ကိုယ်တာကိစ္စများကို အောင်မြင်စွာ ထမ်းဆောင်နိုင်ပြီး လူမှုပတ်ဝန်းကျင်တွင် အောင်မြင်သည့် ဝန်ထမ်းကောင်းများ ဖြစ်ကြရန် လိုအပ်ပါကြောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ဌာနခွဲများအလိုက် ဝန်ထမ်းများက ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများက ရှင်းလင်းဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

          ယင်းနောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဌာနများမှ သင်တန်းနည်းပြများ ကျွမ်းကျင်မှုရှိစေရန် စဉ်ဆက်မပျက် လေ့ကျင့်နေရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယဉ်ကျေးမှု၊ စည်းကမ်းသေဝပ်မှုရှိရန်လိုအပ်ပါကြောင်း၊ လုံခြုံရေးအနေဖြင့် လူပုဂ္ဂိုလ်လုံခြုံရေး၊ စာရွက်စာတမ်းလုံခြုံရေး နှင့် သတင်းလုံခြုံရေးများ ပေါက်ကြားမှုမရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm