Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


09 Oct,2023

ဆင်ပေါင်ဝဲ     အောက်တိုဘာ      ၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို တာဝန်ရှိသူများက (၈-၁၀-၂၀၁၃)ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး နှင့် ဆင်ပေါင်ဝဲမြို့နယ်မှ အင်ဂျင်နီယာဝန်ထမ်းများသည် ကျေးရွာသောက်သုံး‌ရေရရှိရေးကော်မတီဝင်များနှင့်အတူ နားပဲ့ကျေးရွာနှင့် မောင်းတုန်းကျေးရွာတို့၌ ၄ လက်မအကျယ် အနက် ၅၀၀ ပေ စက်ရေတွင်းတူးဖော်ခြင်း၊ ရေမြှုပ်ပန့်တပ်ဆင်ခြင်းနှင့် ၇ ဒသမ ၇ ကီလိုဝပ် ဆိုလာစနစ်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာရေကော်မတီဝင်များနှင့်တွေ့ဆုံ၍ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများအား စနစ်တကျကိုင်တွယ်အသုံးပြုရန်မှာကြားပြီး လိုအပ်သည်များပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နားပဲ့ကျေးရွာနှင့် မောင်းတုန်းကျေးရွာတို့၌ တစ်ရွာလျှင် ပြည်ထောင်စုရန်ပုံငွေကျပ် ၄၁ ဒသမ ၉၃၅၅ စီဖြင့် စက်ရေတွင်းတူး‌ဖော်ခြင်းနှင့် ရေမြှုပ်ပန့်တပ်ဆင်ခြင်းလုပ်ငန်းများကို အာသာဝဏီကုမ္ပဏီက တာဝန်ယူ၍ လည်းကောင်း၊ ဆိုလာစနစ်တည်ဆောက်ခြင်းလုပ်ငန်းများကို Pro Engineering ကုမ္ပဏီက တာဝန်ယူ၍လည်းကောင်း တင်ဒါစနစ်ဖြင့် ယခုနှစ် ဇွန်လ ၂၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ အဆိုပါကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၄၂၀ အိမ်၊ လူ ၁၅၀၅ ဦးနှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိပြီး နွေရာသီရေရှားပါးသည့် ပြဿနာများကို ကုစားနိုင်မည်ဖြစ်ကြောင်း အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm