Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


09 Jun,2022

နေပြည်တော် ဇွန် ၇ ရက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာတွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေ စုစုပေါင်း ငွေကျပ် ၁၃၅ဒသမ ၇ သိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လူဦးရေ ၁၄၆၂ ဦး အကျိုးပြုမည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီးနောက် ကျေးရွာနေပြည်သူများတွေ့ဆုံရာတွင်  ပြည်ထောင်စုဝန်ကြီးက ကျေးရွာသူကျေးရွာသားများအနေဖြင့် မိမိတို့၏ ကျေးရွာလိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာတင်ပြစေလိုကြောင်း၊ ကျေးရွာ၏ တင်ပြချက်များအနက် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများကို ချက်ချင်းဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ အခြားဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများ ပေါင်းစပ်ကာ စံပြကျေးရွာများဖြစ်ပေါ် လာစေရေး ကျေးရွာ၏ အခြေခံ အဆောက်အအုံ လိုအပ်ချက်များ၊  စီးပွားရေး လိုအပ်ချက်များ တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သာစည်မြို့နယ်အတွင်း ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေအား လည်းကောင်း၊ ကျေးရွာသူကျေးရွာသားများက ကျေးရွာတွင် ဆောင်ရွက်လိုသည့်လုပ်ငန်းများအား တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက  တင်ပြချက်များအပေါ် လိုအပ်သည်များ  ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်၊ မြင်းကန်ကျေးရွာအုပ်စု၊ ဆည်ကုန်းကျေးရွာတွင် မြစိမ်းရောင်ကော်မတီဝင်များ၊ ကျေးရွာနေပြည်သူများတွေ့ဆုံရာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက မိတ္ထီလာမြို့နယ်အတွင်း ဘဏ္ဍာရေးနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ ဝင်ငွေတိုးစီမံကိန်းများဖြစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လည်ပတ်ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ ဆည်ကုန်း ကျေးရွာမြစိမ်းရောင်ကျေးရွာ ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဌေးမောင်က ဆည်ကုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို အရင်းမပျောက်လည်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ငွေကျပ်သိန်း ၆၃၀ ကျော်ဖြင့် စီမံကိန်းလုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းအတိုးရငွေအနေဖြင့် ငွေကျပ်သိန်း ၃၃၀ ကျော်ရရှိပြီဖြစ်ကြောင်း၊ ကျေးရွာရှိ အသင်းသားများမှ စီမံကိန်းချေးငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျေးရွာမှ ဆောင်ရွက်လိုသည့် အချက်များကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက အခုလို စီမံကိန်း လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာသူကျေးရွာသားများအား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဆက်လက်ပြီး စီမံကိန်းလုပ်ငန်းများ ပိုမိုအောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားပြီး ကျေးရွာမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm