Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာတွင် မိသားစုဝင်ငွေတိုးရေးစီမံကိန်း စတင်ဆောင်ရွက်


28 Sep,2023

နေပြည်တော်၊ စက်တင်ဘာ ၂၈

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) အနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်မည့် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာတွင် မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းလုပ်ငန်းလုပ်ကိုင်လို(၁၅)ဦးအား အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

       စီမံကိန်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ကျေးရွာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

          ဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက အဖွင့်အမှာစကား ပြောကြားရာ မိမိတို့ ဦးစီးဌာနသည် ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များနှင့်အညီ အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးနေသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သော စီမံကိန်းသင်တန်းတွင် အမှန်တကယ် လုပ်ငန်းထူထောင်လုပ်ကိုင်မည့် သင်တန်းသား(၅)ဦးကို ရွေးချယ်ပြီး တစ်ဦးလျှင် ဌာနမှ ငွေကျပ်(၁၀)သိန်းနှင့်  ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများကို ပေးအပ်ရန်အတွက် သင်တန်းဆင်းများထဲမှ သင်တန်းသား(၅)ဦးကို ရွေးချယ်ရာတွင် သင်တန်း၏ စာတွေ့၊ လက်တွေ့ သင်ကြားခြင်းများတွင် စိတ်ပါဝင်စားပြီး ထူးချွန်စွာ လိုက်ပါ ဆောင်ရွက်နိုင်သူ၊ ရေရှည်တွင် အမှန်တကယ် လုပ်ငန်းထူထောင်လိုသူတို့ကို စနစ်တကျ ရွေးချယ်သွားမည် ဖြစ်ပါကြောင်း၊ ရွေးချယ်ခံရသောသူများကလည်း မိမိအား ပေးအပ်လိုက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကိုအသုံးချပြီး အမှန်တကယ်လုပ်ငန်းထူထောင်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းအောင်မြင်ပြီး အမှန် တကယ် မိသားစုဝင်ငွေတိုးရန်အတွက်လည်း ဌာနအနေဖြင့် ဆက်လက် ကူညီပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          အဆိုပါကျေးရွာတွင် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm