Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်မြင်ကုန်းကျေးရွာတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်ပေး


27 Sep,2023

နေပြည်တော် စက်တင်ဘာ ၂၇

             သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအနက် ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း  အကောင်အထည်ဖော်မည့် လေဘေးဒဏ်ကျခံခဲ့ရသော လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်းကျေးရွာမှ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်လိုသူ(၁၃)ဦးအား Bakery နှင့် ဖျော်ရည်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ကျင်းပသည်။

       သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဒေါ်ငြိမ်းအေးနှင့်တာဝန်ရှိသူများ၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများ၊​ နေပြည်တော် MSME အသင်းမှ တာဝန်ရှိသူများ၊ ကျေးရွာရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ကြသည်။

                သင်တန်းဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှု သင်တန်းများကိုသင်ကြားပေးခြင်းဖြင့် မိမိဒေသထွက်ကုန်ကြမ်းများကို အခြေခံပြီး တန်ဖိုးမြှင့်စားသောက်ကုန်လုပ်ငန်းများ ပေါ်ထွက်လာခြင်းဖြင့် သီးနှံအလေအလွင့်နည်းပါးခြင်း၊ သီးနှံစျေးကောင်းရခြင်း၊ သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သော ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များကို စားသုံးနိုင်ခြင်း၊ မိသားစုဝင်ငွေတိုးပွားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က နေပြည်တော်ကောင်စီနယ်မြေတွင် လေဘေးဒဏ်ကျခံခဲ့ရသည့် ပြည်သူများအတွက် တန်ဖိုးမြှင့်စားသောက်ကုန်နည်းပညာသင်တန်းကို ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဒေသပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

             ဆက်လက်၍ ​နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဌ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေးဆောင်ရွက်မည့် စီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့ဝင်များအား စီမံကိန်းဝတ်စုံများပေးအပ်သည်။

             အဆိုပါစီမံကိန်းလုပ်ငန်းတွင် Bakery နှင့် ဖျော်ရည်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများကို အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm