Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စိုက်ပျိုးမြေဧက ၁၂၀၀၀ ကျော်အကျိုးပြုမည့် ဂွေးကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေ


19 Sep,2023

မိတ္ထီလာ စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၄၀ ဒသမ ၆၃ သန်းဖြင့် စိုက်ပျိုးမြေဧက ၁၂၀၀၀ ကျော် အကျိုးပြုမည့် ဂွေးကုန်း ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားဖောက်လုပ်ခြင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဩဂုတ်လ စတုတ္ထအပတ်မှ စတင်ဖောက်လုပ်လျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်း သက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများ၊ ကုန်ထုတ်တံတား များကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဂွေးကုန်းကျေးရွာ ကုန်ထုတ်လမ်း အရှည် နှစ်မိုင်  အကျယ် ၁၂ ပေ အမြင့် ကျောက်ရောမြေ နှစ်ပေထု၊ မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်းနှင့် Slab Culvert နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ် ၁၄၀ ဒသမ ၆၃ သန်းဖြင့် တင်ဒါအောင်မြင်သည့် ပျော်ဘွယ်သားကုမ္ပဏီမှ ၂၀၂၃ ခုနှစ် ဩဂုတ်လ စတုတ္ထအပတ်မှစတင်ကာ တာဝန်ယူ ဖောက်လုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ပြောပြ၍ သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဝင်း၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်း များက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ကုမ္ပဏီမှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်လင်းတင်ပြကြရာ လိုအပ်သည်များဖြည့်စွက်မှာကြားပါသည်။

အဆိုပါ ဂွေးကုန်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါက ဂွေးကုန်း၊ ရေငံ(အရှေ့)၊ မုန်တိုင်၊ ကျောက်ဖူးစသည့် ကျေးရွာလေးရွာရှိ  လူဦးရေ ၃၄၄၅ ဦးတို့၏ စိုက်ပျိုးမြေ ဧက ၁၂၀၀၀ ကျော် အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေ များမှ ထွက်ရှိသော လယ်ယာ ထွက်ကုန်များ ဈေးကွက်သို့ လွယ်ကူ လျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm