နေပြည်တော် ဇွန် ၃
အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီပြီး ဈေးနှုန်းသင့်တင့်သည့် ယူရီးယားမြေဩဇာများအား တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ အရောင်းဆိုင်များမှတစ်ဆင့် ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းက ရုံးအမှတ် (၁၆) သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Online စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ Consortium အဖွဲ့ဝင်ကုမ္ပဏီများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ် များ၊ ယူရီးယားမြေဩဇာဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ဦးစွာ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်စီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများအပေါ် များစွာမှီခိုနေတဲ့အတွက် စိုက်ပျိုးရေး အခြေခံ စားနပ်ရိက္ခာစနစ် ပုံမှန်လည်ပတ်နိုင်မှုဟာ အထူးပင်အရေးပါလှကြောင်း၊ ပြည်ပမှတင်သွင်း နေတဲ့ စိုက်ပျိုးရေးသွင်းအားစုများ၊ မြေဩဇာများဟာ လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် ဈေးနှုန်းမြင့်တက်နေမှုများ ဖြစ်ပေါ်လျက်ရှိပြီး ကျေးလက်ဒေသရှိ လုပ်ကွက်ငယ် တောင်သူများ အနေနဲ့ သီးနှံစိုက်ပျိုးစရိတ် ပိုမိုကုန်ကျခြင်းများရှိနေပြီး ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်း ဆိုင်ရာလုပ်ငန်းများအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ စိုက်ပျိုးရေးကဏ္ဍ အခက်အခဲများ ဖြေလျော့နိုင်ရန်နှင့် ကျေးလက်ဒေသရှိ ဆန်စပါး၊ နေကြာသီးနှံအပါအဝင် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့လမ်းညွှန်ခွင့်ပြုချက်အရ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းမှုနဲ့အတူ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်း များအတွက် လိုအပ်လျက်ရှိသော စံချိန်စံညွှန်းပြည့်ဝသည့် ယူရီးယားမြေဩဇာအား ဈေးနှုန်း သက်သာစွာနဲ့ အချိန်မီဖြန့်ဖြူး ရောင်းချနိုင်ရန်စီမံချက်ရေးဆွဲပြီး လုပ်ငန်းအောင်မြင်အောင် စီစဉ် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယူရီးယားမြေဩဇာ ဖြန့်ဖြူး ရောင်းချရေးဦးဆောင်ကော်မတီ ဖွဲ့စည်းဆောင်ရွက်ရန် ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊
အရည်အသွေးပြည့်မီသည့် ယူရီးယားမြေဩဇာများ တောင်သူများလက်ဝယ် စိုက်ပျိုးရာသီ အမီ ရောက်ရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချခြင်းကို မြန်မာနိုင်ငံသားလုပ်ငန်းရှင်ကုမ္ပဏီများ စုစည်း ထားသည့် Consortium အဖွဲ့နှင့် မြန်မာဆန်စပါးအသင်းချုပ်တို့နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ Consortium အဖွဲ့များမှ ပထမအသုတ်အနေဖြင့် ယူရီးယားမြေဩဇာတန်ချိန် (၆၀,၁၈၈) တန် တင်သွင်းနိုင်ရန် ဦးဆောင်ကော်မတီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ သွင်းကုန်လိုင်စင်ရရှိရေး၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီတို့နဲ့ နိုင်ငံခြားငွေဝယ်ယူခွင့်ရရှိရေး တို့ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ မြေဩဇာများ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဖြူးရောင်းချပေးရတော့မှာ ဖြစ်ပါကြောင်း၊
ယူရီးယားမြေဩဇာတစ်အိတ်လျှင် ရန်ကုန်ဂိုထောင်ဈေးနှုန်းမှာ(၈၆,၀၀၀)ကျပ်ဖြစ်ပြီး ဒေသ သယ်ယူစရိတ်အပေါ်မူတည်၍ ငွေကျပ်(၈၇,၈၀၀)မှ(၈၉,၄၀၀)ထိ ကျသင့်မှာဖြစ်ပါကြောင်း၊ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များရှိ မြေဩဇာတစ်အိတ်လျှင် ငွေကျပ် (၉၂,၀၀၀) မှ (၉၅,၀၀၀) ခန့် ဖြစ်တဲ့အတွက် ငွေကျပ်(၁၀,၀၀၀) ကျော်ခန့် သက်သာမှာဖြစ်ကြောင်း၊ ပထမအသုတ် ရောက်ရှိ လာသော ယူရီးယားမြေဩဇာများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မြေဩဇာအရောင်း ဆိုင်များသို့ ဇွန်လ (၃) ရက်နေ့မှစတင်၍ ဖြန့်ဖြူးရောင်းချသွားမှာဖြစ်ပြီး တောင်သူလက်ဝယ်သို့ ဇွန်လ (၇) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း စတင်ဖြန့်ဖြူးပေးသွားမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချူပ်ကတော့ ဇွန်လ (၆) ရက်နေ့တွင် စတင် ဖြန့်ဖြူးရောင်းချသွားမှာဖြစ်ပြီး လျာထားစာရင်းများကိုလည်း ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ ယူရီးယားမြေဩဇာလိုအပ်ချက်မှာ ကြီးမြင့် နေသေးသည့်အတွက် လိုအပ်သောမြေဩဇာများကို ထပ်မံတင်သွင်းရေးကိုလည်း ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်နယ်/ တိုင်းဒေသကြီးများအနေနဲ့လည်း မိမိတို့ အမှန် တကယ် ဖြန့်ဖြူးနိုင်မည့်စာရင်းကို ယခုအစည်းအဝေးတွင် တင်ပြပေးစေလိုပါကြောင်း၊ နိုင်ငံတော် အစိုးရက စီစဉ်ဆောင်ရွက်တဲ့ ယူရီးယားမြေဩဇာအား ဈေးနှုန်းသက်သာစွာနဲ့ အချိန်မီဖြန့်ဖြူး ရောင်းချနိုင်ရေး လုပ်ငန်းအစီအစဉ်မှာ နေပြည်တော်ကောင်စီ၊ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များအနေနဲ့ မိမိတို့သက်ဆိုင်ရာဒေသအတွင်း မြို့နယ်ဖြန့်ဖြူးရောင်းချရေးကော်မတီများ ဖွဲ့စည်းပေးခြင်း၊ မြေဩဇာသယ်ယူဖြန့်ဖြူးမည့် ကိစ္စရပ်များ အဆင်ပြေချောမွေ့အောင် ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ မြေဩဇာအဝင်အထွက်လက်ကျန် စာရင်းများစိစစ်ကြီးကြပ်ခြင်း စသည့် လုပ်ငန်းစဉ်များတွင် ပေါင်းစပ်ကူညီဆောင်ရွက်ပေးကြရန် ညှိနှိုင်းအပ်ပါကြောင်း၊
ပြည်နယ်/တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီများမှလည်း သက်ဆိုင်ရာ မြို့နယ်အဆင့် ဖြန့်ဖြူးရောင်းချရေးကော်မတီအား မြို့နယ်များရှိ မြေဩဇာလိုအပ်ချက်နဲ့ မြေဩဇာအရောင်းဆိုင် စာရင်း၊ မိမိမြို့နယ်အရောက် သယ်ပို့စရိတ်ကုန်ကျမည့်ဈေးနှုန်းတို့ကို တွက်ချက်ပြီးတင်ပြသွားရန်နဲ့ တောင်သူများအား အသိပေးကြော်ငြာခြင်း၊ မြို့နယ်အရောင်းဆိုင်များအား စောင့်ကြည့်ကြီးကြပ် ခြင်းတို့ကို ဆောင်ရွက်ပေးကြဖို့ ကြီးကြပ်ညွှန်ကြားပေးစေလိုပါကြောင်း၊ နေပြည်တော်ကောင်စီ၊ ပြည်နယ်/တိုင်းဒေသကြီးများသို့ ယူရီးယားမြေဩဇာများ ဈေးနှုန်းသက်သာစွာနဲ့ အချိန်မီဖြန့်ဖြူး ရောင်းချနိုင်ရေးနဲ့စပ်လျဉ်းပြီး သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ကားလမ်းအပြင် ရထားနှင့်သယ်ယူနိုင်စေရန်၊ ရေကြောင်းမှ သင်္ဘောဖြင့် သယ်ယူပို့ဆောင်နိုင်စေရန် စီစဉ်လျက်ရှိပါကြောင်း၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေနဲ့ အရောင်းဆိုင်များနှင့် ညှိနှိုင်းပြီး သယ်ယူပို့ဆောင်ရေး အဆင်ပြေစေရန် ညှိနှိုင်းပူးပေါင်း စီစဉ်ပေးကြရန်နှင့် အခြား အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးကြဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ အကြံဉာဏ်များရှိပါက ဆွေးနွေးပေးကြရန် ပြောကြားပါသည်။
ဆက်လက်၍ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၊ အတွင်း ရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယူရီးယားမြေဩဇာများအား နေပြည်တော်ကောင်စီ နယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ မြို့နယ်များရှိ အရောင်းဆိုင်များသို့ သယ်ယူ ပို့ဆောင်ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်များအားလည်းကောင်း၊ Consortium အဖွဲ့ကိုယ်စား တာဝန် ရှိသူတစ်ဦးက ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားလည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်များအားလည်းကောင်း၊ တက်ရောက်လာကြ သော နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တက်ရောက်လာသူများ၏ ဝိုင်းဝန်းဆွေးနွေးမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ ကတော့ ဒီနေ့ညှိနှိုင်းအစည်းအဝေးဟာ ကျေးလက်ဒေသ စိုက်ပျိုးထုတ်လုပ်မှုများ ပြန်လည်ဦးမော့ လာစေရန်နဲ့ စားနပ်ရိက္ခာဖူလုံမှုကို မြှင့်တင်ပေးနိုင်စေရန်အတွက် အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုနည်းလမ်းဖြင့် ကျေးလက်စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး တောင်သူများ ရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ ယူရီးယားမြေဩဇာ ဖြန့်ဖြူးရေးအစီအစဉ်မှာ နေပြည်တော်ကောင်စီ၊ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ Consortium အဖွဲ့များအနေနဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။