Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေများ ကြည့်ရှု စစ်ဆေး


18 Sep,2023

နေပြည်တော် စက်တင်ဘာ ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေး မြို့နယ် ရုံးတောကျေးရွာ၌ ဒေသဖွံ့ဖြိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ များနှင့် သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် လယ်ဝေးမြို့နယ်၊ မြွေရိုးကျောင်းစုကျေးရွာ အုပ်စု၊ ရုံးတောကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံရာ လယ်ဝေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး က ရုံးတောကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ဆိုလာစွမ်းအင် ဖြင့် ဆီထွက်သီးနှံ၊ အခြားသီးနှံများ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးမည့် အစီအမံများအား လည်းကောင်း၊ သမဝါယမဦးစီးဌာန ဦးစီးမှူးနှင့် အသင်းအမှုဆောင်များက လုပ်ငန်း ဆောင်ရွက်နေမှုများအားလည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာ၏ ရေမြေသဘာဝအခြေအနေအရ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းကို အခြေခံသည့် ကျေးရွာဖြစ်သည့် အတွက် ကျေးလက်နေတစ်မိသားစုချင်း၏ ဝင်ငွေ တိုးပွားရေး မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ သီးထပ်(၃)သီး စိုက်ပျိုးနိုင်ရေး နိုင်ငံတော် အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အထွက်နှုန်းတိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်မှာ တောင်သူများ၏ တာဝန်တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ လက်ရှိစိုက်ပျိုး နေသော စပါးမျိုးများအပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်မှသာလျှင် တောင်သူများ ဝင်ငွေ တိုးပွားနိုင်မည်ဖြစ်ပြီး လိုအပ်သည့် စိုက်ပျိုးနည်းစနစ်၊ စိုက်ပျိုးရေ ရရှိရေးတို့အတွက် မိမိတို့ ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြီး ဒေသပြည်သူခံများ၏ ကျေးရွာ ချင်းဆက်လမ်း၊ ကုန်ထုတ်လမ်း၊ စိုက်ပျိုးရေရရှိရေးနှင့် နည်းပညာလိုအပ်မှု တင်ပြချက်များအပေါ် အမြန်ဆုံး တုန့်ပြန်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ်၊ ရန်ကုန် - မန္တလေးလမ်းဟောင်းမှ ရုံးတောကျေးရွာ အဝင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာသူကျေးရွာသားများအနေဖြင့် လမ်းရေရှည် တည်တံ့ ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး  ရုံးတောကျေးရွာ သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm