နေပြည်တော် စက်တင်ဘာ ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရဲမှူးကြီး မျိုးဆွေနှင့်အတူ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေဖြင့် ချောင်းဆုံမြို့နယ်၊ ရွာလွတ်-ကတောင်စိန် ကျေးရွာချင်းဆက်လမ်း အရှည် (၂) မိုင် ဖောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှု များ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လမ်းကြောင်းတစ်လျှောက် Box Culvert လုပ်ငန်းများနှင့် မြေဖြတ်လုပ်ငန်းများ အချိန်မီပြီးစီးရေး မှာကြားသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာရှိ ကျောင်သင်ပုန်း ထုတ်လုပ်ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုအားပေးပြီး သစ်ဖြူသား ကုန်ကြမ်းရရှိရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဖောက်လုပ်ပေးခဲ့သော ရိုးဂိုးကျေးရွာ၊ ကုန်ထုတ်လမ်းပေ (၃၄၀၀) အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံများနှင့်တွေ့ဆုံကာ ကုန်ထုတ်လမ်း ဝဲယာရှိ လယ်မြေများကို အခြားနည်းသုံးစွဲမှု မပြုလုပ်ရေး၊ အထွက်တိုးစပါးမျိုးများ စိုက်ပျိုးကြရေး မှာကြားပြီး လာမည့် ဘဏ္ဍာနှစ်၌ ကျန်ရှိသောလမ်းပိုင်းအား ဆက်လက်ဖောက်လုပ်ရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေး စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း ဆင်းပွဲ အခမ်းအနားသို့ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက သင်တန်းထူးချွန်ဆုရ သင်တန်းသူ (၃) ဦးကို လည်းကောင်း၊ မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေက ထူးချွန်ဆုရ သင်တန်းသူ (၂) ဦးကိုလည်းကောင်း လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသူများ ထုတ်လုပ်ထားသော မုန့်အမျိုးမျိုးကို ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့၊ ကော့ခနိကျေးရွာ၌ အေးချမ်းအောင် လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့် တွေ့ဆုံခဲ့ရာ ပြည်နယ်သမဝါယမဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများ အပေါ် ဒုတိယဝန်ကြီးက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်တိုးစပါးမျိုးများ ပြောင်းလဲ စိုက်ပျိုးရန်၊ သွင်းအားစုများ တောင်သူလက်ဝယ် အချိန်မီရရှိရေးအတွက် အလေးထား ဆောင်ရွက် ပေးရန် မှာကြားကာ အသင်းသားတောင်သူများ၏ လိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုး ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများသက်သာချောင်ချိရေး အတွက် တာဝန်ရှိသူများက အလေးထားဆောင်ရွက်ရန်၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင့်ကြံနေထိုင်၍ အထက်အောက် အပြန်အလှန်လေးစားမှု၊ ကူညီစောင့်ရှောက်မှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန်၊ မိမိဘဝတိုးတက်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး ဝန်းထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်းသို့ သွားရောက်ကာ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ သမဝါယမ ကောလိပ်နှင့် တက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိရေး ကြိုးစားကြရန် တိုက်တွန်းမှာကြား ပြီး သင်တန်းသားအိပ်ဆောင်၊ သင်တန်းသူအိပ်ဆောင်၊ စားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသော RC ၂ ထပ် သင်တန်းသားအိပ် အိပ်ဆောင်အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။