နေပြည်တော် စက်တင်ဘာ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ရောက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေး ရာဝန်ကြီး၊ ဦးစောခင်မောင်မြင့်နှင့်အတူ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ကာ သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြဆရာများနှင့် တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် သင်တန်းကျောင်းအုပ်က သင်တန်းဖွင့်လှစ်သင်ကြားနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သင်တန်းသား သင်တန်းသူများအနေဖြင့် တတ်မြောက်သွား သော ပညာရပ်များကို ပြန်လည်အသုံးချ၍ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခြင်းထက် သမဝါယမအသင်းများ ဖွဲ့စည်းကာ စုပေါင်းလုပ်ဆောင်နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများ၏ အဝတ်အထည်ရက်လုပ်နေမှုများကို ကြည့်ရှု အားပေးကာ သင်တန်းသားအိပ်ဆောင်နှင့် စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်း လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာအား ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထောက်ပံ့ ပေးအပ်ပွဲသို့ တက်ရောက်သည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာ တွင် နယ်မြေဒေသ အေးချမ်းတည်ငြိမ်ရေးသည် အဓိကကျသဖြင့် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြ ရန် မှာကြားကာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကျေးရွာ (၅) ကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ကျေးရွာ (၅) ကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး VDP ရန်ပုံငွေ ကျပ်သိန်း (၇၅၀)၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ကျပ်သိန်း (၁၅၀၀)၊ စုစုပေါင်းကျပ်သိန်း (၂၂၅၀) အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် စီမံကိန်းကျေးရွာများမှ ကျေးရွာကိုယ်စားလှယ် (၂) ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းသက်သာချောင်ချိရေးလုပ်ငန်းများကို ဦးစီးဌာနအလိုက် အလေးထား ဆောင်ရွက် ကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ကြရန်နှင့် ဒါဘာပြုလုပ်ရန်၊ အထက်အောက် အပြန်အလှန်လေးစားမှု ကူညီစောင့်ရှောက်မှုတို့ဖြင့် ဌာနတွင်းစည်းလုံးညီညွတ်ရေး တည်ဆောက်ရန် မှာကြားခဲ့သည်။ ထို့နောက် ဝန်းထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကြောင့်ကမ်လာဘ် (ကျောက်ကလပ်) စေတီအား သွားရောက် ဖူးမြော်ကြည်ညိုခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ထိုနေ့ညနေပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။