Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၁၄) (ရခိုင်ပြည်နယ်အစိုးရအဖွဲ့)


13 Sep,2023

မြင့်စိုး(နတလ)

မိုခါအလွန် ရခိုင်ဒေသ

          ယနေ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၀ ရက်၊ နောက် ၄ ရက်ဆိုလျှင် ရခိုင်ပြည်နယ်အတွင်းသို့ “မိုခါ” မုန်တိုင်းဝင်ရောက်တိုက်ခတ်သည့် အချိန်ကာလ ၄ လပြည့်ခဲ့ပြီ။ မုန်တိုင်းဒဏ်သင့် မေလ ၁၄ ရက်နေ့မှ ယနေ့ချိန်ထိ ကာလတစ်လျှောက်လုံး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှု၊ အနီးကပ်ကြီးကြပ်ကွပ်ကဲနေ သော ပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကဏ္ဍအလိုက် ပူးပေါင်းကူညီ ဆောင်ရွက်မှုများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြိုတင်မျှော်တွေး စီစဉ်ဆောင်ရွက်မှုများနှင့် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်မှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကို အနည်းဆုံးကိန်းဂဏန်းများ ဖြစ်အောင် လျှော့ချတုံ့ပြန်နိုင်ခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံတော်တော်များများက မျှော်မှန်းထားသလောက်၊ ထင်သလောက် မဖြစ်ပွားအောင် တားဆီးကာကွယ်နိုင်ခဲ့သည်။ မိုင် ၁၀၀ ကျော် လေတိုက်နှုန်း ပြင်းအားက မကြီးမား၍မဟုတ်၊ ကွပ်ကဲကြပ်မတ်သူများ၏ အမြော်အမြင် ကြီးမားမှု၊ ကြိုတင်စုဖွဲ့ စီမံဆောင်ရွက်နိုင်မှု၊ အဖွဲ့အစည်းအဆင့်ဆင့်၏ အမိန့်နာခံတတ်မှု၊ အရေးကြီးလျှင် သွေးနီးတတ် သော မြန်မာ့စိတ်ဓာတ်၊ စိတ်ရင်းစိတ်ထားတို့ကြောင့် “မိုခါ” သည် ရခိုင်ဒေသကို ဦးညွတ်ထွက်ခွာ သွားခဲ့သည်။

          “မိုခါ” အလွန်ကာလတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လျှင်မြန်သွက်လက်စွာ ဆောင်ရွက်ခဲ့ကြပြီးနောက် ရခိုင်ဒေသသည် မူလအခြေအနေနီးပါးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ရှေ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုမူ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပေးနေဆဲ ဖြစ်သည်။ မုန်တိုင်းသင့် ရခိုင်ပြည်နယ်သို့ အစောဆုံးရောက်သည့်အထဲတွင် မပါဝင်သော်လည်း နောက်အကျဆုံး ပြန်ခဲ့သူများမှာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက စာရေးသူ ကျွန်တော် တို့ ဖြစ်ပါသည်။ ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်တွေမြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြ၏။ မပြန်ခင်လေးမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဦးဆောင်၍ ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာကော်မတီက ကြီးမှူးကျင်းပသော မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး၊ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲမှာ ကျွန်တော်တို့ သုံးဦးစလုံး ပါဝင်ဆင်နွှဲခဲ့ကြသေးသည်။ ဌာနဆိုင်ရာ ဝန်ထမ်းများ (သက်ကြီးဝန်ထမ်းများ)နှင့် စစ်တွေတက္ကသိုလ်က သမီးပျိုလေးများအသင်းတို့ ကစား ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆုများချီးမြှင့်ခဲ့သည်။

အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပ

          မကြာမီ နေပြည်တော်၌ ကျင်းပပြုလုပ်တော့မည့် ၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ဘာသာရပ်အလိုက် အဆင့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်ပွဲများ ရယူနိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်း ခရိုင်အဆင့်ပြိုင်ပွဲများကို စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ယှဉ်ပြိုင်ခဲ့ကြသည်။ မောင်တောခရိုင်၊ တောင်ကုတ်ခရိုင်၊ ကျောက်ဖြူ ခရိုင်၊ အမ်းခရိုင်၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နှင့် သံတွဲခရိုင်တို့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခဲ့သည်။

လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် ၉ ရပ်ထဲက လူမှုရေးဦးတည်ချက် ၃ ရပ် သည် နိုင်ငံတော်၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ မြင့်မားတိုးတက်လာစေရေး၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးတို့ အတွက် ဦးတည်ချက်များ ချမှတ်ကျင့်သုံးနေခြင်း ဖြစ်ပါသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စစ်တွေတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက စစ်တွေတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီးနောက် စစ်တွေခရိုင် ပြန်/ဆက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်း၊ စစ်တွေတက္ကသိုလ် အရှေ့တိုင်းပညာဌာနမှ နည်းပြ ဒေါ်မေဘုတို့ ဦးဆောင်၍ ဘာသာရပ်အလိုက် ကျောင်းသားကျောင်းသူ ၆ ဦးတို့က လူငယ်နှင့် လောကနီတိ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။ လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသားကျောင်းသူများနှင့်လည်း အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။ ကျောင်းသား ကျောင်းသူများ၏ တေးသီချင်းနှင့် အကဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။ ဤမြင်ကွင်း၊ ဤလှုပ်ရှားမှုများသည် မိုခါမုန်တိုင်းအလွန်ကာလ ရခိုင်ပြည်နယ်၏ လန်းဆန်း တက်ကြွသော၊ လင်းလက်တောက်ပသော၊ စဉ်ဆက်မပြတ် ရှင်သန်လှုပ်ရှားနေသော ပုံရိပ်များအဖြစ် တွေ့မြင်ရမည် ဖြစ်သည်။

စစ်တွေညဈေး ဖွင့်လှစ်ပြီ

          သည်တစ်ခါမှာတော့ဖြင့် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ထူးခြားသော စွမ်းဆောင် မှုတစ်ခု ပေါ်ထွက်လာခဲ့သည်။ စစ်တွေမှာ ညဈေးဖွင့်လှစ်လိုက်ပြီ…..တဲ့။ စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့ကမ်းနားလမ်းနှင့် အကောက်ရုံလမ်းဆုံ၊ သံပုရာသီးခွဆုံနေရာ၌ ညဈေးဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တပျော်တပါး  တက်ရောက်ကြပါသည်။ ၎င်းညဈေးတန်းတွင် အစားအသောက်ဆိုင်ခန်း ၂၀၊ မုန့်ပဲသရေစာဆိုင်ခန်း ၃၃ ခန်း၊ လူသုံးကုန်ပစ္စည်းဆိုင်ခန်း ၂၄ ခန်း၊ အထွေထွေပစ္စည်းဆိုင်ခန်း ၁၀ ခန်း စုစုပေါင်း ၈၇ ခန်း ဖြင့် စတင်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး ယခုထက်ပို၍ စည်ကားများပြားလာပါက နေရာတိုးချဲ့စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

          ညဈေးဖွင့်လှစ်သည့် ရည်ရွယ်ချက်လည်းကောင်းပါသည်။ စစ်တွေမြို့တွင်း အဓိကလမ်းများ၌ အလျဉ်းသင့်သလို ဈေးဆိုင်များ တည်ဆောက်၍ ရောင်းချနေကြသူများ၊ လမ်းဘေးဈေးရောင်းသူ များ၏ စားဝတ်နေရေး အဆင်ပြေစေရန်၊ မြို့သန့်ရှင်းသာယာလှပမှုကို မထိခိုက်စေရန်၊ ပြည်သူ လူထု စိတ်အပန်းပြေစွာဖြင့် ဝယ်ယူအားပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ တစ်နည်း ဆိုရသော် ရခိုင်ပြည်နယ် စစ်တွေမြို့သည်လည်းပဲ အခြားပြည်နယ် တိုင်းဒေသကြီး အသီးသီးက မြို့ကြီးများနည်းတူ ရင်ပေါင်တန်း လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။ မိုခါ မုန်တိုင်းသင့် ရခိုင်ဒေသမှာ ယခုကဲ့သို့ ညဈေးဖွင့်လှစ်ခြင်း၊ လူငယ်စကားဝိုင်းများ၊ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲများနှင့် ဖူဆယ်ပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းသည် ရခိုင်ပြည်နယ်သူ ပြည်နယ်သားတို့၏ စိတ်ဓာတ်ခွန်အား ပြန်လည်မြင့်မားလာမှုကို မီးမောင်းထိုးပြလျက် ရှိသည်။ အချိန်ကာလ ၄ လတာအတွင်း ယခုလိုကျော်ဖြတ်နိုင်ဖို့ရာမှာ လွယ်ကူ လှသည်တော့မဟုတ်ချေ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိုခါမုန်တိုင်းအပေါ် ရင်ဆိုင်တုံ့ပြန် ဆောင်ရွက်ခဲ့မှုများကို အောက်ပါအတိုင်း ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လေ့လာသိရှိခဲ့ရပါသည်။

ကြိုတင်အမိန့်များ ထုတ်ပြန်အသိပေး

          ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များအတိုင်း မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် သတင်းများကို ၇၂ နာရီအတွင်း ကြိုတင်ရရှိ ချိန်တွင် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ၄၈ နာရီ ကြိုတင်ရရှိချိန်၊ ၁၂ နာရီ ကြိုတင်ရရှိချိန် များတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ခရိုင် ၇ ခုဖြစ်သည့် စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းခရိုင်များသို့ ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့ ကတည်းက ထုတ်ပြန်ပေးခဲ့ကြောင်း တွေ့ရသည်။ မိုခါမုန်တိုင်းမဝင်ရောက်မီ ၁၀ ရက် အလို ကတည်းက ဖြစ်၏။ ဒေသအလိုက် မုန်တိုင်းသတင်းများ အချိန်နှင့်တပြေးညီ ထုတ်ပြန်အသိပေးရန်၊ ဆက်သွယ်မှု မပြတ်တောက်စေရေး ကြိုတင်စီမံဆောင်ရွက်ရန်၊ ဇာတ်တိုက်လေ့ကျင့်မှုများ ကြိုတင် ပြုလုပ်ကြရန်၊ အရန် ရေ၊ ရိက္ခာ၊ ဆေးဝါးများ စုဆောင်းထားရှိရန်၊ အရေးကြီးစာရွက်စာတမ်းများ၊ ပစ္စည်းများ ရွှေ့ပြောင်းသိမ်းဆည်းရန်၊ အရေးပေါ်စုရပ်နေရာများ သတ်မှတ်ထားရန်၊ လျှပ်စစ် အန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ဆောင်ရွက်ကြရန် စသည်တို့ပါဝင်သည်။ ၎င်းပြင် မုန်တိုင်း ဝင်ရောက် တိုက်ခတ်ဖြတ်သန်းချိန်၌ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်း ကြိုတင် ဖြန့်ဝေပေးပို့ထားကြောင်း တွေ့ရသည်။ ကြိုတင်ထုတ်ပြန်ချက်များထဲတွင် ဒေသတွင်း ငါးဖမ်း လှေများအားလုံး ပင်လယ်ပြင်သို့ ရက်ရှည်သွားလာမှုကို မေလ ၆ ရက်နေ့မှစ၍ ခွင့်မပြုရန်၊ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ချိန်တွင် အသုံးပြုရန်အတွက် ခရိုင်အလိုက် ဖိုင်ဘာလှေများ ခွဲဝေ ထားရှိရန်၊ ခရိုင်အလိုက် တင်ပြထားသည့် ကယ်ဆယ်ရေးပစ္စည်း လိုအပ်ချက်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ တင်ပြရန်၊ ဆေးရုံဆေးခန်းများတွင် ကလိုရင်းဆေးရည်မှအစ လိုအပ်သောဆေးဝါးများ ကြိတင်စုဆောင်းထားရှိရန်၊ မုန်တိုင်းကျရောက် နိုင်သော ဒေသအားလုံးတွင် အရေးပေါ်စားသုံးနိုင်ရန်အတွက် Ready Made Food များ စီစဉ် ထားရှိရန်၊ ပြည်နယ်အတွင်း SSB ဆက်သွယ်ရေးစက်များ အသုံးပြုနိုင်ရန်အတွက် အနောက်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်နှင့် ဆက်သွယ်၍ စစ်ဆေးပြင်ဆင်ထားရန်တို့ ပါဝင်သည်။

          ခရိုင်အလိုက် ကြိုတင်စီမံဆောင်ရွက်မှုများ ပြုလုပ်သကဲ့သို့ မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ ထိ စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ ဒေသများရှိ IDP စခန်းများသို့ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး၍ ဘေး လွတ်ရာသို့ ရွှေ့ပြောင်းပေးမှုများ ပြုလုပ်ခဲ့ကြသည်။ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများကို ဦးစားပေးရွှေ့ပြောင်းပြီး ကျန်သူများကိုပါ အသုတ် လိုက် ပြောင်းရွှေ့ပေးခဲ့ရာ IDP စခန်း ၁၇ ခုမှ ရွှေ့ပြောင်းရန် လိုအပ်သောလူဦးရေ ၆၃၃၀၂ ဦးကို ဘေးလွတ်ရာ နေရာဒေသများသို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။ မုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီး ချိန်မှာလည်း ထိုနေရာများအတွက် ရိက္ခာနှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ ပေးခဲ့ပါသည်။

Command Post များ ဖွဲ့စည်းထားရှိ

            ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေး၊ သတင်းထုတ်ပြန်ရေး၊ အချက်အလက်များ တိကျစွာ စုဆောင်းနိုင်ရေးနှင့် သဘာဝဘေးဒဏ်ခံ ပြည်သူများ ပြန်လည်နေရာချထားနိုင်ရေးအတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် မေလ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရေးပေါ် Command Post အဖွဲ့ကို ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဥက္ကဋ္ဌ တာဝန်ပေး၍ အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ၎င်းပြင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာရုံးအဖွဲ့များကိုလည်း တစ်ပါတည်းဖွဲ့စည်းပေးကာ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခဲ့သည်။

          အလားတူ ခရိုင်၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အရေးပေါ် Command Post များကိုလည်း မေလ ၇ ရက်နေ့တွင် အပြီးဖွဲ့စည်းထားရှိရေး ညွှန်ကြားဆောင်ရွက်ခဲ့သည်။ ခရိုင်၊ မြို့နယ်များအလိုက် လုံခြုံရေးလုပ်ငန်းကော်မတီ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်း ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ကနဦးလိုအပ်ချက်များ စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုများ အတည်ပြုရေး၊ လိုအပ်ချက်များ စိစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်းကော်မတီ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီများကိုလည်း ကြိုတင်ဖွဲ့စည်းကာ လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့ကြသည်။

မုန်တိုင်းမဝင်ရောက်မီ ၁ ရက်အလို

          ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော၊ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မိုခါ (MOCHA) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွှေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ရခိုင် ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော်နိုင်သည့်အတွက် အနီရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၀၅ မိုင်မှ ၁၁၅ မိုင်ခန့်ဖြင့် တိုက်ခတ်နိုင်ကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု ရှောင်ရှားကြပါရန် သတိပေးချက်များအား ၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်နေ့ နံနက် ၇ နာရီအချိန်မှ စတင် ထုတ်လွှင့်ပေးနေပါသည်။

          ယင်းထုတ်ပြန်ချက်များအပေါ် အလေးထား၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များသို့ လိုအပ်သော အမိန့်ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်ညွှန်ကြားခဲ့သည်။ ယင်းညွှန်ကြား ချက်များထဲ၌ ကမ်းပါးပြိုခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး လိုအပ်သော အင်အားနှင့် ယာဉ်/ယန္တရားများ စုဖွဲ့ထားရှိရေး၊ လမ်းပန်းဆက်သွယ်မှု မပြတ်တောက် စေရေးအတွက် ခရိုင်နှင့် မြို့နယ်အလိုက် ကြီးကြပ်ဆောင်ရွက်ကြရေး၊ စည်ပင်သာယာရေးအဖွဲ့ များသည် မြို့နယ်များအလိုက် ချိတ်ဆွဲထားသော ဆိုင်းဘုတ်များ၊ Bill Board များ ဖြုတ်သိမ်းထား ကြရေး၊ ရေတွင်းရေကန်များအတွင်းသို့ ရေငန်များဝင်ရောက်မှုမှ တားဆီးကာကွယ်ရန် ကြိုတင်စီမံ ဆောင်ရွက်ထားကြရေး၊ ရေချိုများ သိုလှောင်ထားရှိရေး၊ လျှပ်စစ်အန္တရာယ် မကျရောက်စေရေးနှင့် ထရန်စဖော်မာများ ထိခိုက်ပျက်စီးမှုနည်းပါးစေရေး၊ ဆေးရုံ၊ ဆေးခန်းများကဲ့သို့ အရေးပေါ်နေရာ များသို့ အရန်မီးစက်များဖြင့် မီးပေးနိုင်ရေး၊ ခရိုင်အလိုက် ဆန်အိတ်များ ကြိုတင်သိုလှောင်ရန် အတွက် နေရာစီစဉ်ထားရှိရေး၊ စက်သုံးဆီများ သုံးစွဲရန်လိုအပ်လာမည်ဖြစ်၍ ကြိုတင်စီမံ ဆောင်ရွက်ထားရေးတို့ကို ထုတ်ပြန်ပေးခဲ့သည်။ ယင်းထုတ်ပြန်ချက်များထဲတွင် ရခိုင်ပြည်နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများမှ ဆရာတော်၊ သံဃာတော်၊ ကိုရင်များ၊ သီလရှင်ဆရာကြီး ဆရာလေးများ မုန်တိုင်းကာလအတွင်း ဆွမ်းကွမ်းဝေယျာဝစ္စကိစ္စများ အခက်အခဲ မရှိစေရေးအတွက် ကပ္ပိယအဖွဲ့များ ကြိုတင်စုဖွဲ့ဆောင်ရွက်ထားရှိရန်၊ လိုအပ်ချက် ရှိပါက ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် သက်ဆိုင်ရာ Command Post များသို့ ဆက်သွယ်ဆောင်ရွက်ကြရန်အတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် သာသနာရေးမှူးများသို့ ညွှန်ကြားမှုများလည်း ပါဝင်ပါသည်။

 

 

အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ

          ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြိုတင်မျှော်တွေး၍ ဆောင်ရွက်ခဲ့သော လုပ်ငန်းများထဲတွင် အခြေခံစားသောက်ကုန်များ ထိန်းသိမ်းကြီးကြပ်ရေးလုပ်ငန်းတစ်ခုလည်း အပါအဝင်ဖြစ်သည်။ မုန်တိုင်းကို အကြောင်းပြု၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်းမပြုလုပ် စေရေး၊ စားသုံးဆီအပါအဝင် အစားအသောက်များကို ရောနှောရောင်းချခြင်း၊ သက်တမ်းလွန် ပစ္စည်းများကို ရောင်းချခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်စေရန် ဈေးကွက်ကို ချုပ်ကိုင်ထားခြင်းများ မပြု လုပ်နိုင်စေရန်အတွက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သော ရခိုင်ပြည်နယ် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီကို အဖွဲ့ဝင် ၇ ဦးဖြင့် ကြိုတင်ဖွဲ့စည်း ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

မိုခါကိုရင်ဆိုင်၍ အနိုင်ယူခဲ့သည်

          မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှစ၍ မိုခါသည် လေတိုက်နှုန်း ၁ နာရီ မိုင် ၁၂၀ ခန့်ဖြင့် ရခိုင် ကမ်းရိုးတန်းဒေသ စစ်တွေမြို့အနီးမှ ဖြတ်သန်းဝင်ရောက် တိုက်ခတ်ခဲ့သည်။ မုန်တိုင်းတိုက်ခတ်ပြီး ချိန်မှစ၍ ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရသည်။ ပြန်လည်ထူထောင်ရေး၊ ထောက်ပံ့ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့သလို ကျန်းမာရေးနှင့် ဝမ်းလျှော ဝမ်းပျက်အပါအဝင် ကပ်ရောဂါဘေးတို့ ကင်းဝေးစေရန် အထူးအလေးထား ကြပ်မတ်ဆောင်ရွက် ခဲ့ကြသည်။ မုန်တိုင်းတိုက်ခတ်ပြီး နောက်တစ်နေ့မှာပင် စစ်တွေမြို့သို့ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိလာကာ လိုအပ်သည့်လမ်းညွှန်မှုများနှင့်အတူ ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသများအတွက် လှူဒါန်းငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထပ်မံရောက်ရှိ လာပြီး မုန်တိုင်းသင့်ဒေသများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများအနေဖြင့် မိမိတို့၏ဝန်ကြီးဌာနနှင့် လုပ်ငန်းတာဝန်များအလိုက် ရခိုင်ပြည်နယ်၌ လာရောက်တာဝန်ထမ်းဆောင် ခဲ့မှုများကို ကျွန်တော် ရေသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။

          ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဝန်ကြီးချုပ် ဦးထိန်လင်း ဦးဆောင်၍ မေလ ၁၄ ရက်နေ့မှ ယနေ့ချိန်ထိ မုန်တိုင်းသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အောက်ဖော်ပြပါကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည် -

(က)    ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဥက္ကဋ္ဌ၊ ရခိုင် ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်သူဇော် အတွင်းရေးမှူးအဖြစ် ဆောင် ရွက်နေသော ကယ်ဆယ်ရေးပစ္စည်းများ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေးဦးစီးကော်မတီ

(ခ)     ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဥက္ကဋ္ဌ၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော စားရေရိက္ခာများ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေးလုပ်ငန်းကော်မတီ

(ဂ)     ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစံရွှေမောင် ဥက္ကဋ္ဌ၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော စက်ယာဉ်ယန္တရားများ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေးလုပ်ငန်း ကော်မတီ

(ဃ)    ပြည်နယ်သယံဇာတဝန်ကြီး ဦးသန်းထွန်း ဥက္ကဋ္ဌ၊ ရေနံထွက်ပစ္စည်းကြီးကြပ်ရေး ဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးသက်ထွန်း အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော စက်သုံးဆီနှင့် အထွေထွေ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေး လုပ်ငန်းကော်မတီ

(င)     ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုး ဥက္ကဋ္ဌ (ယခုလူမှုရေးဝန်ကြီးမှာ ဦးစောနိုင် ဖြစ်ပါသည်)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော ကျန်းမာရေးပစ္စည်းများ လက်ခံထိန်းသိမ်း ဖြန့်ဖြူးရေးလုပ်ငန်းကော်မတီ

(စ)     ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင် ဥက္ကဋ္ဌ၊ ပြည်နယ်လမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော တည်ဆောက်ရေးပစ္စည်းများ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေး လုပ်ငန်းကော်မတီ

(ဆ)    ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း ဥက္ကဋ္ဌ၊ ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးကျော်ဟိုးလှိုင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော အလှူငွေများ လက်ခံထိန်းသိမ်းထုတ်ပေးရေး လုပ်ငန်းကော်မတီ

          မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ ဟူသောခေါင်းစဉ်ဖြင့် ကျွန်တော်ရေးသားတင်ပြလာခဲ့ရာ ယခုအမှတ်စဉ် (၁၄) ဖြစ်သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါပြီ။ ယခင် နတလဝန်ထမ်း ဘဝဖြင့် တစ်သွယ်၊ ယခု မိုခါကိုအကြောင်းပြု၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအနေဖြင့် စုစုပေါင်း ၄၂ ရက် သွားရောက်တာဝန် ထမ်းဆောင်ခဲ့မှုကတစ်မျိုး။ မည်သို့ ဆိုစေ ရခိုင်ဒေသအပေါ် ပို၍သံယောဇဉ် တိုးသွားမိသည်ကတော့ အမှန်ပင်ဖြစ်၏။ နေပြည်တော်မှာ ဘာအားကစားပဲလာပြိုင်ပြိုင် ရခိုင်ပြည်နယ်အသင်းကို အားပေးပါဦးမည်။ ရခိုင်ပြည်နယ်၊ ရခိုင် တိုင်းရင်းသား၊ ရခိုင်ရိုးရာယဉ်ကျေးမှုနှင့် ပတ်သက်သော ဆောင်းပါးများလည်း ဆက်၍ရေးသားပါဦး မည်။ သာလီစွပါ အမျိုးတို့။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm