မကွေး စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆)နှင့်အညီ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ထုံးပေါက်တောတောင်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်မြသက်ထွေး နှင့် မကွေးမြို့နယ်မှ အင်ဂျင်နီယာဝန်ထမ်းများသည် ထုံးပေါက်တောတောင်ကျေးရွာသောက်သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ ၄ လက်မအကျယ် အနက် ၄၀၀ ပေ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူးက တင်ဒါရ ကုမ္ပဏီမှ တာဝန်ခံအား ဆောင်ရွက်ရန်ကျန်ရှိသောလုပ်ငန်းများအား သတ်မှတ်အတိုင်းအတာ၊ သတ်မှတ်စံနှုန်းများအတိုင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍားရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၆ ဒသမ ၅ သုည ၉ သန်းဖြင့် ထုံးပေါက်တောတောင်ကျေးရွာ၌ ၄ လက်မအကျယ် အနက် ၄၀၀ ပေ စက်ရေတွင်းတူးဖော်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းနှင့် အလျား ၅ ပေ အနံ ၅ ပေ အမြင့် ၇ ပေ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို Chindwin Strategy ကုမ္ပဏီက တာဝန်ယူ၍ ဇွန်လ ၂၇ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၁၃၁ အိမ်၊ လူ ၆၄၁ ဦးနှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိမည်ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်