Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်(Smart Village) အကောင်အထည်ဖော်ရေး သင်တန်းဖွင့်ပွဲကျင်းပ


05 Sep,2023

နေပြည်တော် စက်တင်ဘာ  ၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village)ကို မြေပြင်တွင်လုပ်ငန်း ဆောင်ရွက်ရာမှာ ပိုမိုထိရောက်အောင်မြင်စေရန်၊ ဒုတိယအကြိမ်ပြင်ဆင်ထားသောစီမံကိန်းလက်စွဲ စာစောင်နှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ကျေးလက်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေး နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျေးရွာသူ၊ ရွာသားများမှ မှန်ကန်စွာ ရွေးချယ်ဆောင်ရွက်နိုင်ရေး လမ်းညွှန်ပေးနိုင်စေရန်ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း(Smart Village) အကောင်အထည်ဖော်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က မိမိတို့ ဦးစီးဌာနအနေဖြင့် မြို့ပြနှင့်ကျေးလက်အကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်း စေရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဘက်စုံ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ဒီလိုဆောင်ရွက်ရာမှာ ယခုအကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိသည့်  ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ခေတ်မီ စံပြ ကျေးရွာထူထောင်ရေးစီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကျေးရွာ (၄၃)ရွာမှာ စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၄၆) ရွာကိုတိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ စီမံကိန်း၏ အဓိကကဏ္ဍကြီး (၆)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရာ မှာလည်း ဒီဂျစ်တယ်နည်းပညာနဲ့ ချိတ်ဆက်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ စီမံကိန်း ဆောင်ရွက် သည့် ပုံစံသည် မိမိတို့ ဦးစီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်သည့် ပုံစံမျိုးမဟုတ်ဘဲ ဆက်စပ်ဦးစီး ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရသည့် ပုံစံဖြစ်သည့်အတွက် သင်တန်းသား/သူများ အနေဖြင့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ မြို့နယ်များရှိ ဆက်စပ် ဦးစီးဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ စီမံကိန်းသဘောသဘာဝနှင့် သဘော တရားများကို နားလည်သဘောပေါက်ပြီး ခေတ်မီစံပြ ကျေးရွာများ ဖြစ်ပေါ်လာစေရေး စီမံကိန်း လက်စွဲစာစောင်နှင့်အညီ ကဏ္ဍအားလုံး အချိတ်အဆက်မိမိ ဆောင်ရွက်စေလိုကြောင်း မှာကြား ပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း မူဝါဒပိုင်းဆိုင်ရာများအား လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းက ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်း အကြောင်းအရာများ အားလည်းကောင်း အသီးသီးပို့ချဆွေးနွေးကြပါသည်။

အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရေး သင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ပြည်နယ်/တိုင်းဒေသကြီးများနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ စုစုပေါင်း သင်တန်းသား သင်တန်းသူ (၅၆)ဦးတက်ရောက်ကြပြီး သင်တန်းတွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း၊ ကျေးလက် စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းဆိုင်ရာ  စီမံကိန်းအဆိုပြုလွှာရေးသားနည်း၊ ရန်ပုံငွေလွှဲပြောင်းခြင်း၊ ငွေစာရင်းပုံစံရေးသွင်းခြင်း၊ စီမံကိန်း အစီရင်ခံစာရေးသာခြင်း၊ ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း၊ ကျေးရွာအဆင့်နေထိုင်မှု အခြေအနေ စစ်တမ်းကောက်ယူ ခြင်းဆိုင်ရာအကြောင်းအရာများကို လေးရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဘက်စုံဖွံ့ဖြိုးသည့် ကျေးရွာများ ဖြစ်ပေါ် စေရေး ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အထိ တိုင်းဒေသကြီး/ပြည်နယ် (၁၄)ခုရှိ မြို့နယ် (၈၂)မြို့နယ်၊ ကျေးရွာ(၈၈)ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကာလမှာ စီမံကိန်း စတင် သည့် နှစ်မှစ၍ ငါးနှစ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကျေးရွာတစ်ရွာကို စီမံကိန်း ရန်ပုံငွေကျပ်သန်း (၆၀) ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm