Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ ရည်မှန်းချက်ထား ဆောင်ရွက်ပေး၊ နို့ချက်စက်ရုံ မန္တလေး


30 May,2022

လက်ရှိ နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး ဆိုသည့် စီးပွားရေး ဦးတည် ချက်များကို ချမှတ်ထားပြီးဖြစ်ရာ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းအသီးသီးမှ အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပေသည်။ ထို့ပြင် ပြည်တွင်းရှိ ရပ်ဆိုင်းထားသည့် စက်ရုံ/အလုပ်များကို ပြန်လည် လည်ပတ်စေပြီး ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရေး၊ ဈေးကွက်အတွင်း ပြည်သူများသို့ ပြည်တွင်းထုတ်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူရောင်းချပေးနိုင်ရေးတို့ကို လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပေသည်။ ရာသီဥတုမျှတပြီး ရေမြေသဘာဝ၊ မြေဆီမြေဩဇာ ပြည့်ဝပြီး ရေခံမြေခံ ကောင်းမွန်သော ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ငန်ကိုင်ဆောင်ရွက် နိုင်ရန် အခွင့်အလမ်းကောင်းများကို ရရှိပိုင်ဆိုင်ထားပေသည်။  နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိုအခြေခံကောင်းများအပေါ်မူတည်၍ သမဝါယမအသင်းများက လည်း သမဝါယမစနစ်ကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ဈေးကွက်အတွင်း ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရေးတို့အတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြု ဆောင်ရွက်လျက်ရှိပေသည်။

မန္တလေးနို့ချက်စက်ရုံ၏ နောက်ခံသမိုင်း

            မန္တလေးနို့ချက်စက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်တွင် တည်ရှိပြီး (၂၅-၉-၁၉၈၄)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၊ ဝန်ကြီးများ အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ကိုလံဘိုစီမံကိန်း အစီအစဉ် ဩစတြေးလျနိုင်ငံ၏ အကူအညီဖြင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၁၉၈၄ ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်နေ့မှစတင်၍ မန္တလေးနို့ချက် စက်ရုံစီမံကိန်းကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး  ၁၉၈၅ ခုနှစ်၊ ဇန်နဝါရီလတွင် မန္တလေးနို့ချက်စက်ရုံအား စတင် တည်ဆောက် အကောင်အထည်ဖော်ခဲ့ကြောင်း၊ ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၇)ရက်နေ့တွင် အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှတစ်ဆင့်   ယခင် မန္တလေးတိုင်းသမဝါယမအသင်းစုက လွှဲပြောင်းလက်ခံရယူခဲ့ပြီး ၁၉၉၂ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ “မန်းနို့ဆီ” တံဆိပ် ဖြင့် စားသုံးသူများအကြား နို့ဆီဘူးများ ထုတ်လုပ် ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ကြောင်း၊ မန္တလေးနို့ချက်စက်ရုံ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ မြန်မာကျပ်ငွေ(၄၈၈ ဒသမ ၁၀)သိန်းနှင့်ညီမျှသော ဩစတြေးလျဒေါ်လာ(၆ ဒသမ ၈၆၅)သန်း(ထိုအချိန်က ဩစတြေးလျ(၁)ဒေါ်လာလျှင် မြန်မာကျပ်ငွေ(၇ ဒသမ ၁၁)ကျပ်နှုန်းဖြစ်သည်) နှင့် မြန်မာငွေ ကျပ်(၈၂၄)သိန်း၊ စုစုပေါင်း ငွေကျပ်(၁၃၁၂ ဒသမ ၁၀)သိန်း ဖြစ်ကြောင်း၊ မန္တလေးတိုင်းသမဝါယမအသင်းစုအနေဖြင့် မန္တလေးနို့ချက်စက်ရုံမှ ထုတ်လုပ်သော နို့ဆီဘူးများကို တပ်မတော်ရိက္ခာအဖြစ် ၁၉၉၂-၁၉၉၃ ဘဏ္ဍာရေးနှစ်မှ ၁၉၉၅-၁၉၉၆ ဘဏ္ဍာရေးနှစ်ထိ အမေရိကန်ဒေါ်လာ(၁ ဒသမ ၀၅)သိန်းတန်ဖိုးရှိ နို့ဆီဘူးပေါင်း(၃)သိန်း၊ မြန်မာကျပ်ငွေ(၄၉၂၂)သိန်းတန်ဖိုးရှိ နို့ဆီဘူးပေါင်း(၁၂၈ ဒသမ ၂)သိန်း ပေးသွင်းနိုင်ခဲ့ကြောင်း၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်၊ တာရှည်ခံပြီး အရည်အသွေးအဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရန်နှင့် အရည်အသွေးမြင့်ထုတ်ကုန်များ ပြည်ပပို့ကုန်အဖြစ် တင်ပို့ ရောင်းချနိုင်ရန်ရည်ရွယ်၍  ၁၉၉၆ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ Myanmar Dairy Industries Co,Ltd: နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊  Myanmar Dairy Industries Co,Ltd: မှ      ထုတ်ကုန်များ အဆင့်မြှင့် တင်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ(၄ ဒသမ ၈၆)သန်း(မြန်မာငွေ ခန့်မှန်း ကျပ်(၂၄၀)သန်းခန့်)ကို ထပ်မံ ရင်းနှီးမြှုပ်နှံခဲ့ပြီး တစ်ရက်လျှင် အများဆုံး နို့ဆီဘူးပေါင်း(၁ ဒသမ ၂)သိန်း(တန်၅၀)မှ အနည်းဆုံး နို့ဆီဘူး (၅၅၄၀၀)ဘူး( ၂၂-တန်) ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ Myanmar Dairy Industries Co,Ltd: နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရာတွင် ထုတ်လုပ်ခွင့်ပြုငှားရမ်းခအဖြစ် တစ်လလျှင် အနည်းဆုံးငွေကျပ်(၁၀)သိန်းမှ အများဆုံး ငွေကျပ်သိန်း(၆၀)အထိ ပေးသွင်းခဲ့ရာ စုစုပေါင်းငွေကျပ်(၈၀၅၁ ဒသမ ၉၀)သိန်းရရှိခဲ့ပြီး အဆိုပါ ထုတ်လုပ် ခွင့်ပြုငှားရမ်းခရရှိငွေမှ နိုင်ငံတော်ဝင်ငွေစာရင်းသို့ FEC(၅၅၄၉၆)နှင့် မြန်မာကျပ်ငွေ ကျပ်(၁၉၆၈ ဒသမ ၅၈) သိန်း ပေးသွင်းနိုင်ခဲ့ကြောင်း၊ ကုန်ကြမ်းအတွက် လိုအပ်သည့်နွားနို့ကို ကျောက်ဆည်မြို့နယ်နှင့်တံတားဦး မြို့နယ်များရှိ နွားနို့အဝယ်ဒိုင်များမှ ဝယ်ယူရရှိပြီး အခြား ကုန်ကြမ်းပစ္စည်းများကို ပြည်တွင်း/ပြည်ပဈေးကွက် များမှ ဝယ်ယူဆောင်ရွက်ခဲ့ကြောင်း၊ ထို့နောက် မန္တလေးနို့ချက်စက်ရုံကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ယာယီ ရပ်နားခဲ့ကြောင်း သိရှိရပါသည်။

မန္တလေးနို့ချက်စက်ရုံ ပြန်လည် လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပြီးစီးမှု

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင် မန္တလေးနို့ချက်စက်ရုံကို ပြန်လည် လည်ပတ်နိုင် အောင် ဆောင်ရွက်ပြီး နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် ကနဦး ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်သည့် စက်ရုံဝန်းသန့်ရှင်းရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေးတို့ကို ဦးစားပေး ဆောင်ရွက်ရေး၊ စက်ရုံ အတွင်းပိုင်းရှိ စက်ပစ္စည်းများအား ကြံ့ခိုင်ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်ရေး၊ လိုအပ်သည့် စက်ကိရိယာများ၊ စက်ပစ္စည်းအစိတ်အပိုင်းများကို ဖြည့်တင်းတပ်ဆင်ဆောင်ရွက်ရေးနှင့် ရေလိုင်း၊ မီးလိုင်း၊ ဘွိုင်လာများ စနစ်တကျရှိရေးနှင့် ဘေးကင်းလုံခြုံမှုရှိအောင် ဆောင်ရွက်ရေး၊ ကုန်ထုတ်လုပ် ရာမှ ထွက်ရှိလာမည့် ရေဆိုးများအား ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်စေရေးနှင့် အန္တရာယ် ကင်းရှင်းရေး တို့အတွက် ရေဆိုးထုတ်မြောင်းကို ရေစီးရေလာကောင်းမွန်အောင် စနစ်တကျ ဆောင်ရွက်ရေး၊ နို့ဆီဘူး ထုတ်လုပ်ရာတွင် လိုအပ်သည့် အခြားစက်အစိတ်အပိုင်းများအား ပြည်တွင်း/ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြီး ဝယ်ယူရရှိရေးတို့ကို ဆောင်ရွက်ခဲ့ရာ ငွေကျပ်(၁၇၉၈ ဒသမ ၄၁) သိန်းကို ရင်းနှီးမြှုပ်နှံထားရှိကြောင်း၊ နို့ဆီထုတ်လုပ်ရာတွင် အဓိက ကုန်ကြမ်းဖြစ်သည့် နွားနို့ကုန်ကြမ်း ရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ ပုဂ္ဂလိကနှင့် သမဝါယမအသင်းများ နှင့် ပေါင်းစပ်ညှိနှိုင်းပြီး နေ့စဉ်လိုအပ်သည့် နွားနို့ကုန်ကြမ်းများကို ဝယ်ယူရရှိအောင် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိရေး၊ စက်ပစ္စည်းများ အပြည့်အစုံရောက်ရှိပါက အမြန်ဆုံး တပ်ဆင်ပြီး နို့ချက်စက်ရုံအား ပြန်လည် လည်ပတ်ထုတ်လုပ်နိုင်ရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ FDA ထောက်ခံ ချက်ရရှိရေး၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးပါက စီးပွားရေးတွက်ခြေကိုက်မည့် နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသွားရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုအခါ စက်ရုံသန့်ရှင်းရေးနှင့် ဥပဓိရုပ် ကောင်းမွန်ရေးတို့အတွက် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် စက်ရုံ ပြန်လည် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၏ (၉၀)ရာခိုင်နှုန်းကို ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း၊ နို့ဆီစမ်းသပ်ချက်လုပ်မှုကို (၃)ကြိမ်ဆောင်ရွက်ရာ (၉၂ ဒသမ ၃၃)ရာခိုင်နှုန်းအထိ စမ်းသပ် အောင်မြင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ မေလကုန်တွင် စက်ရုံ ပြန်လည် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ပြင်ဆင် ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်သည့်အတွက် မကြာမီကာလများတွင် မန္တလေးနို့ချက်စက်ရုံကို စတင်ဖွင့်လှစ်၍ နို့ဆီဘူးများ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်တွင်းစားသုံးမှု ဖူလုံရေး ရည်မှန်းချက်ထား ဆောင်ရွက်ပေး

            မန္တလေးနို့ချက်စက်ရုံမှ နို့နှင့် နို့ထွက်ပစ္စည်းများ အမြန်ဆုံး ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးရေးအတွက် လုပ်ငန်းအချိန်ဇယားပါအတိုင်း တိတိ ကျကျဖြစ်အောင် ဆောင်ရွက်ခြင်း၊ ကုန်ကြမ်းများ ပြတ်လပ်မှုမရှိစေဘဲ လိုအပ်သည့်အချိန်တွင် လိုအပ် သလို အသုံးပြုနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားခြင်း၊  ဈေးကွက်ရရှိရေးအတွက် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားခြင်း၊ စက်ရုံမှထွက်ရှိလာမည့် ရေးဆိုးများကို ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်အောင် ကြိုတင်စီမံဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်ထားခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်ကြန့်ကြာမှုမရှိစေဘဲ လုပ်ရမည့်လုပ်ငန်းတာဝန်များကို အားလုံးက တက်ညီလက်ညီဖြင့် ဝိုင်းဝန်းပြီး မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြခြင်း၊ တာဝန်ရှိသူများကလည်း လိုအပ်ချက်များရှိပါက ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အနီးကပ် ကြပ်မတ်ဆောင်ရွက်ခြင်း အစရှိသည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် အချိန်ကိုက်ဖြစ်အောင် ဆောင်ရွက်ကြပြီး မန္တလေးနို့ချက်စက်ရုံအား အမြန် ပြန်လည် လည်ပတ် ထုတ်လုပ်ဆောင်ရွက်ခြင်းဖြင့် ဈေးနှုန်းသက်သာပြီး သန့်ရှင်းသော ပြည်တွင်းထုတ် နို့ဆီဘူး များ၊ နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်သူလူထုမှ ဝယ်ယူစားသုံးနိုင်ရေးနှင့် ပြည်တွင်းစားသုံးမှု ဖူလုံစေရေး ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်

          နို့နှင့် နို့ထွက်ပစ္စည်းများ၏ အာဟာရတန်ဖိုးမြင့်မားပြီး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေ သောအချက်များနှင့်ပတ်သက်ပြီး ယနေ့ ကမ္ဘာမှာ ပညာရှင်များ၏ စမ်းသပ်တွေ့ရှိချက်များအရ နွားနို့ တွင် အသားဓါတ်၊ အဆီဓါတ်၊ သကြားဓါတ်၊ သက်စောင့်ဗီတာမင်နှင့် သတ္ထုဓါတ်များပါဝင်ပြီး ခန္ဓာကိုယ် အတွက် မရှိမဖြစ်လိုအပ်သည့် အာဟာရဓါတ်များ ပြည့်စုံစွာ ပါဝင်သည့်အတွက် ကျောင်းနေအရွယ် ကလေးငယ်များ ကျန်းမာကြံ့ခိုင်ဖျတ်လတ်စေပြီး ခန္ဓာကိုယ်ကြီးထွားမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေသောအရာများ ပါဝင်ကြောင်း၊ ဆေးပညာဖခင်ကြီး ဟစ်ပိုကရေးတီးက “ နို့သည် သဘာဝ၏ အပြည့်စုံဆုံးနီးပါး ဟု ဆိုနိုင်သည့် အာဟာရဖြစ်သည်” ဟု ဆိုထားကြောင်း၊ နို့ ၂၀၀ ဂရမ် တွင် ကယ်လိုရီ(၁၅၀)ကေဂျေ၊ အသားဓါတ်(၆ ဒသမ ၄)ဂရမ်၊ အဆီဓါတ်(၉ ဒသမ ၈)ဂရမ်၊ ကဆီဓါတ် (၉ ဒသမ ၂)ဂရမ်၊ ထုံးဓါတ်(၂၂၀)မီလီဂရမ်၊ သံဓါတ်(၀ ဒသမ ၄)မီလီဂရမ်၊ ဗီတာမင်အေ(၂၀၂)အိုင်ယူ၊ ဗီတာမင်ဘီဝမ်း(၀ ဒသမ ၁)မီလီဂရမ်၊ ဗီတာမင်ဘီစစ်(၀ ဒသမ ၃၄)မီလီဂရမ်၊ နိုင်ယာစင်(၀ ဒသမ ၂) မီလီဂရမ် အစရှိသည့် အာဟာရတန်ဖိုးများပါဝင်ကြောင်း၊ အဆိုပါ အာဟာရတန်ဖိုးများပါဝင်သည့်အပြင် အဆီဓါတ်(၃)ရာခိုင်နှုန်းမှ (၅)ရာခိုင်နှုန်းပါဝင်ခြင်း၊ ဘက်တီးရီးယားပါဝင်မှု သတ်မှတ်ချက်ထက် မပိုခြင်း၊ အသားဓါတ်(Protein)ပါဝင်မှုများခြင်း အစရှိသည့် စံချိန်စံညွှန်းမီ နွားနို့များကို အသုံးပြုချက်လုပ်ခြင်း ဖြစ်သည့်အတွက် မန္တလေးနို့ချက်စက်ရုံမှ ထုတ်လုပ်သော နို့ဆီများကို စားသုံးခြင်းအားဖြင့် ကျန်းမာရေး အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ထို့ပြင် မန္တလေးနို့ချက်စက်ရုံအား ပြန်လည် လည်ပတ်ပြီး နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူးရောင်းချနိုင်ခြင်းအားဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်း၊ နို့စားနွား မွေးမြူသူများအနေဖြင့်လည်း ၎င်းတို့အတွက် နွားနို့ရောင်းချရန် ဈေးကွက်တစ်ခုတိုးလာပြီး ယခင်ကထက် ရောင်းအားတက်ကာ ဝင်ငွေပိုမိုတိုးတက်ရရှိလာခြင်း၊ သမဝါယမအသင်းများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သူများက စုစည်းဖြန့်ဖြူးရောင်းချမည်ဖြစ်သည့်အတွက် ဈေးနှုန်းတည်ငြိမ်မှုရှိပြီး  ပစ္စည်းအပေါ် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ခြင်း၊ ပြည်တွင်းဈေးကွက်တွင် ပြည်ပသွင်းကုန်များ နေရာယူထားမှု အပေါ် အထိုက်အလျောက် အစားထိုးဖြေလျှော့ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ သမဝါယမစနစ်ကို အခြေခံပြီး စုပေါင်းဆောင်ရွက်လိုသူများက ကောင်းမွန်မှန်ကန် သောအလုပ်ကို အမှန်တကယ် ကြိုးစားဆောင်ရွက်လုပ်ကိုင်လိုသည့်စိတ်များကိုစုစည်းပြီး အတူတကွ စုပေါင်းဆောင်ရွက်ခြင်းဖြင့် စနစ်ကျသည့် အဖွဲ့အစည်းများ ဖြစ်ပေါ်လာမည့်အပြင် စနစ်ကျသည့် စီးပွားရေးဖော်ဆောင်မှုပုံစံကိုလည်း ရရှိလာနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ထားသည့်အတွက် မန္တလေး တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်အနေဖြင့် မန္တလေးနို့ချက်စက်ရုံအား ပြန်လည် လည်ပတ်ထုတ်လုပ် နိုင်အောင် ဆောင်ရွက်ပြီးပါက စိတ်ပါဝင်စားသူ လုပ်ငန်းရှင် များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အချုပ်အားဖြင့်ဆိုရသော် မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ပိုင် မန္တလေးနို့ချက် စက်ရုံလုပ်ငန်းသည် စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒတူသူများက စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းနိုင်ရန် ပူးပေါင်းပိုင်ဆိုင်ပြီး အများဆန္ဒနှင့်အညီ ကိုယ်တိုင်စီမံခန့်ခွဲဆောင်ရွက်သည့် သမဝါယမစနစ်ကို အခြေတည်ပြီး နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး၊ ဈေးကွက်အတွင်း ပြည်ပသွင်းကုန် အစားထိုး ထုတ်လုပ်နိုင်ရေး၊ ဈေးနှုန်းသက်သာပြီး သန့်ရှင်းသော ပြည်တွင်းထုတ် နို့ဆီဘူးများ၊ နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်သူလူထုမှ ဝယ်ယူစားသုံးနိုင်ရေးနှင့် ပြည်တွင်းစားသုံးမှု ဖူလုံစေရေး ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း လေ့လာတင်ပြလိုက်ရပေသည်။

မင်းခလုင်(သမ/ဦးစီး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm