ရှမ်းပြည်နယ်၊ စက်တင်ဘာလ ၁ ရက်
ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း (၇)ခု အနက်မှ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခုဆောင်ရွက်မည်စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်မည့် ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်လိုသူ(၁၅)ဦးအား လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲတွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားကာ စီမံကိန်းလုပ်ငန်းလုပ်ကိုင်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြ ခဲ့ပါသည်။ အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ အောင်ပန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဟဲဟိုးမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်လုပ်ငန်းဆောင်ရွက်မည့်သူများ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။