Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေပြည်သာမြို့နယ်မှ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နေသည့် မြန်မာ့တံမြက်စည်းများ


31 Aug,2023

ရန်ကုန်၊ ဩဂုတ် ၃၀

မြန်မာနိုင်ငံအတွင်း သဘာ၀အတိုင်း ပေါက်ရောက်သော ကိုင်းပင်များကို ရိုးရာလက်မှုပညာနှင့် ပေါင်းစပ်ကာ ပြုလုပ်ထားသည့် မြန်မာ့တံမြက်စည်းများသည် ခေတ်မီနည်းပညာဖြင့် ဖန်တီးပြုလုပ် ထားသည့် ပလတ်စတစ်တံမြက်စည်းများထက်ပင် ပိုမိုလူကြိုက်များနေဆဲဖြစ်ပြီး ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများသို့ပါ ဈေးကွက်ထိုးဖောက်လျက်ရှိသည်။

“မြန်မာနိုင်ငံကလုပ်တဲ့ တံမြက်စည်းတွေကို မလေးရှား၊ အိန္ဒိယ၊ ထိုင်း၊ ကိုရီးယားစတဲ့ နိုင်ငံတွေကို တင်ပို့ကြပါတယ်။ ကျွန်တော်တို့က တောင်ကိုရီးယားကိုပဲ ပို့တာပါ။ တောင်ကိုရီးယား မှာရှိတဲ့ ဝယ်လက်ကဈေးကွက်ထဲမှာ အကြီးဆုံးပဲ။ မြန်မာနိုင်ငံမှာဆိုရင် ပြည်ပကို ကျွန်တော်တို့က အများဆုံးတင်ပို့တာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် တံမြက်စည်းလုပ်ငန်း လုပ်ကိုင်နေသည့် ကျေးဇူးတော်နှင့် တင့်တယ်ခြင်း အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်မှ ကိုအောင်ကျော်စိုးက ပြောသည်။

အဆိုပါ သမဝါယမအသင်းမှ တံမြက်စည်းများကို အချောင်းရေ ၃၅၀၀၀ ခန့် ဝင်ဆံ့သည့် ပေ ၄၀ ကွန်တိန်နာဖြင့် တစ်လလျှင် နှစ်လုံး၊ တစ်နှစ်လျှင် ကွန်တိန်နာ ၂၄ လုံး၊ စုစုပေါင်း တံမြက်စည်း အချောင်းရေ ၈၄၀၀၀၀ ခန့်ကို တောင်ကိုရီးယားနိုင်ငံသို့ တစ်နှစ်ပတ်လုံး တင်ပို့လျက်ရှိသည်။

ထိုသို့ မြန်မာ့တံမြက်စည်းများ ပြည်ပနိုင်ငံဈေးကွက်အတွင်း ဝယ်သူအကြိုက် မျက်နှာပန်းလှစွာ ရပ်တည်နိုင်ရေး၊ ကုန်အရေအတွက် များစွာတင်ပို့နိုင်ရေးအတွက်ဆိုလျှင် တံမြက်စည်းတစ်ချောင်း ဖြစ်လာစေရန် ပထမဆုံးအဆင့် စွဲလုံးလုံးခြင်းမှစ၍ တံမြက်စည်းပတ်ခြင်း (ဝယ်ယူသူမှ မှာယူသည့် အတိုင်း အမျိုးအစားခုနစ်မျိုးခန့်အား အရေအတွက်ဖြင့် ပတ်ပေးခြင်း)၊ ထိုသို့ပတ်ပြီးသည့် တံမြက်စည်း များအား သဘာ၀နေရောင်ခြည် (သို့မဟုတ်) မီးသွေးမီးဖိုဖြင့် အပူပေးကာ အမှုန်တိုက်ခြင်း၊ အမှုန်တိုက် ပြီး တံမြက်စည်းများကို အရောင်တင်၊ အလှဆင်ခြင်း၊ ကြိုးတုပ်ခြင်း၊ တန်းထိုးခြင်းလုပ်ငန်းများကို ကျွမ်းကျင်လုပ်သားများဖြင့် ကုန်ချောရရှိသည်အထိ အဆင့်ဆင့်ဆောင်ရွက်ကြရသည်သာဖြစ်သည်။

စနစ်တကျထုပ်ပိုး

ပြုလုပ်ပြီးသော တံမြက်စည်းများအား ပြည်ပတင်ပို့ရန်အတွက် လိုအပ်သည့် အရည်အသွေး စစ်ဆေးခြင်းများကို ကျွမ်းကျင်ပညာရှင်များဖြင့် ဆောင်ရွက်ပြီး စနစ်တကျထုပ်ပိုးမှုများပြုလုပ်ကာ ဆိပ်ကမ်းသို့ တင်ပို့ကြခြင်းဖြစ်သည်။

“အလှဆင်တာတွေ၊ ထုပ်ပိုးတာတွေအစ ကျွမ်းကျင်လုပ်သားတွေနဲ့ လုပ်ရတယ်။ တံမြက်စည်း မှာ အမှုန်တွေပါလို့မရဘူး၊ ပိုးထိုးနေလို့မရပါဘူး၊ မိုးတွင်းတွေဆို ပိုဂရုစိုက်ရပါတယ်။ သူတို့က မှိုဆိုလုံးဝကိုမရဘူး၊ မှိုပါတာနဲ့ ကွန်တိန်နာအလုံးလိုက်ကို ပယ်ချတာ၊ မှိုပါသွားရင် အကုန်လျော်ပေး ရတယ်”ဟု ကိုအောင်ကျော်စိုးက ပြောသည်။

စနစ်တကျသိုလှောင်သိမ်းဆည်း

တံမြက်စည်း ကုန်ကြမ်းများကို မှော်ဘီ၊ တိုက်ကြီး၊ ပဲခူးရိုးမ၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ် တို့မှ ရရှိပြီး တစ်နှစ်ပတ်လုံး ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုမရှိစေရေးအတွက် ဂိုဒေါင်များတွင် စနစ်တကျ သိုလှောင်သိမ်းဆည်းကြရသည်။

ဒေသတစ်ခု ထုတ်ကုန်တစ်ခု အောင်မြင်စွာ ထုတ်လုပ်နိုင်ခြင်းသည် ထိုဒေသအား ထုတ်ကုန်နှင့် အတူ ထင်ရှားလာခြင်း၊ ထိုဒေသအတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိလာခြင်း၊ လူနေမှု ဘဝများ မြင့်မားလာခြင်းတို့နှင့်အတူ နိုင်ငံ့စီးပွားပါ လိုက်ပါတိုးတက်လာမည်ဖြစ်ရာ နိုင်ငံအတွင်းရှိ အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ ဒေသထုတ်ကုန်များ အောင်မြင်စွာ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်ကဘက်ပေါင်းစုံမှ အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။

သမဝါယမဦးစီးဌာနအနေဖြင့်လည်း တိုင်းပြည်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြု ပါဝင်ဆောင်ရွက်လျက်ရှိရာတွင် ရွှေပြည်သာမြို့နယ်ရှိ ဒေသခံပြည်သူများ ဘဝတိုးတက်ရေး၊ ဒေသထွက်ကုန် တံမြက်စည်းထုတ်လုပ်ရေးလုပ်ငန်းကို သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါကျေးဇူးတော်နှင့် တင့်တယ်ခြင်း အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမလီမိတက်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ရွှေပြည်သာမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကျော့ကေဟန်က “အသင်းစဖွဲ့တာ တစ်နှစ်မပြည့်သေးပါဘူး။ သူတို့က အရင်ကတည်းက ပြည်ပပို့နေတာ၊ အခု သမဝါယမအနေနဲ့ ဖွဲ့စည်းပြီးတဲ့အခါကျတော့ သမဝါယမရဲ့ဦးဆောင်မှုနဲ့ လုပ်ကိုင်နေပါတယ်။ အဆင်လည်းပြေတယ်၊ အောင်မြင်မှုလည်းရှိပါတယ်။ ပြည်ပပို့တာ အဓိကဆိုတော့ ပြည်တွင်းမှာလည်း ဈေးကွက်ရရှိလာအောင် ဈေးရောင်းပွဲတော်တွေမှာ ဝင်ပြတာတွေ၊ ရောင်းချတာတွေရှိပါတယ်။ လိုအပ်တဲ့အပိုင်းတွေကို တတ်နိုင် သလောက် ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်”ဟု ပြောသည်။

ဆက်လက်၍ “ဒေသထုတ်ကုန်တွေ ထုတ်လုပ်ဆောင်ရွက်တဲ့အခါမှာ အသင်းသားတွေ လိုအပ်တဲ့ ကုန်ကြမ်း၊ လိုအပ်တဲ့ပံ့ပိုးချေးငွေတွေကို သမဝါယမကို တင်ပြတောင်းခံလာတာတို့ စတာတွေအပြင် ဈေးကွက်ရှာဖွေပေးတာ၊ လုပ်ငန်းတိုးချဲ့တာ၊ ပူးပေါင်းဆောင်ရွက်ညှိနှိုင်းပေးတာတို့ လုပ်ပါတယ်။ သူတို့ဘက်က လိုအပ်တဲ့အပိုင်းတွေကို အဆင့်ဆင့်တင်ပြပြီး ဆောင်ရွက်ပေးနေတဲ့ အပိုင်းတွေလဲ ရှိပါတယ်”ဟု ၎င်းကပြောသည်။

မည်သို့ပင်ဆိုစေ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သမဝါယမအသင်းကိုယ်စားပြု ဒေသထုတ်ကုန် တံမြက်စည်းများက Made in Myanmar တံဆိပ်နှင့်အတူ တောင်ကိုရီးယား ပြည်သူများကြား ဈေးကွက်မျက်နှာပန်းလှနေပြီး ဝင်ငွေအားဖြင့် တစ်လလျှင် မြန်မာငွေ ကျပ်သိန်း ၃၀၀ ကျော် ရရှိနေပြီဖြစ်ရာ ဒေသတစ်ခုမှ ထွက်ရှိသည့် ထုတ်ကုန်တစ်ခုအတွက် ကျေနပ်အားရဖွယ်ရာ အခြေအနေဟု ဆိုရမည်ဖြစ်သည်။

သတင်းဆောင်းပါး - နဒီမင်း

ဓါတ်ပုံ  -  Kk


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm