Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာ သဘာဝမြေဩဇာထုတ်လုပ်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုအားပေး


31 Aug,2023

နေပြည်တော် ဩဂုတ် ၃၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်ကျောင်း မကွေးမြို့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အလျားပေ ၁၀၀၊ အနံပေ ၃၀ အမြင့် ၂၄ ပေရှိ RC ၂ ထပ် စာသင်ဆောင် ပန္နက်တင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ တက်ရောက်၍ ပန္နက်ရိုက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာသို့ သွားရောက်ပြီး အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အမှုဆောင်များ၊ အသင်းသူအသင်းသားများနှင့် တွေ့ဆုံ ရာတွင် အသင်းဥက္ကဋ္ဌက အသင်းပိုင်မြေ (၂၄.၄၈) ဧကတွင် သဘာဝမြေဩဇာ ထုတ်လုပ်မည့် အစီ အစဉ်များ၊ နွားနှင့် သိုး မွေးမြူထားမှုအခြေအနေများ  ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယ ဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းဆိုင်ရာများ၊ စိုက်ပျိုးမွေးမြူရေး သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများနှင့် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနေသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေး ပြောကြားပြီး သဘာဝမြေဩဇာထုတ်လုပ်‌ရေးလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် အသင်းသား ဦးအေးနိုင်၏ မွေးမြူရေးခြံတွင် နွား (၃၆) ကောင် မွေးမြူထားမှုအား ကြည့်ရှုစစ်ဆေးပြီး နွားစာမြက်များ စိုက်ပျိုးရေးကိစ္စနှင့် မျိုးစပ်ရေးကိစ္စ များ မှာကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့သော စိုက်ပျိုးမြေ ဧက ၂၀၀ အား အကျိုးပြုသည့် ၁၃၇ ကီလိုဝပ် ဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ဆက်လက်ပြီး တောင်သူများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက စိုက်ပျိုးရေ လုံလောက်စွာ ရရှိနေပြီဖြစ်၍ လက်ရှိစိုက်ပျိုးနေသော ဧက ၂၀၀ အပြင် စိုက်ဧကများ တိုးချဲ့စိုက်ပျိုး ရန်၊ နွေစပါးကာလတွင် ဆင်းသုခစပါးမျိုးအား တစ်ဧက တင်း ၁၀၀ ထွက်ရှိအောင် စိုက်ပျိုးနိုင်ခဲ့သည့် အတွက် ဆက်လက်ကြိုးပမ်းစိုက်ပျိုးရန်၊ ပိုမိုထွက်ရှိသည့် မျိုးကောင်းမျိုးသန့်စပါးမျိုးများကိုလည်း စမ်းသပ်စိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တက်ရောက်လာသူများ၏ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မြို့သစ်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မိုးကောင်း-မြို့လုလင် မြေသား လမ်း ၄ မိုင် ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်ပြီး ဆူးတက်ကြီးကျေးရွာ အုပ်စုရှိ စပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ အုပ်စုအတွင်း စိုက်ပျိုးနေသော စိုက်ဧက ၅၀၀၀ ကျော် ၌ အထွက်တိုးစပါးမျိုးများဖြင့် မိုးစပါး နွေစပါး စိုက်ပျိုးနိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm