Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေး


27 May,2022

နေပြည်တော် မေ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက မွန်ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ခေတ်မီစံပြကျေးရွာ (SMART Village) များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ဘားအံမြို့၊ မြသီရိရောင်းဝယ်ရေးသမဝါယမ အသင်းလီမိတက်သို့ ရောက်ရှိပြီး သမဝါယမအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ပြီး သမဝါယမအသင်းအရောင်းဆိုင်အား လှည့်လည်ကြည့်ရှု စစ်ဆေးပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာ သို့ ရောက်ရှိပြီး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ ကျိုက်မရောမြို့နယ်မှ အိမ်ခြေ (၁၁၀)၊ လူဦးရေ (၇၀၄) ဦးရှိ နတ်စမ်းကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART Village) အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မုဒုံမြို့ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ရက်ကန်းကျောင်းအုပ်ကြီးမှ သင်တန်းကျောင်းအခြေအနေ၊ ဘဏ္ဍာရေးနှစ်အလိုက် သင်တန်းပို့ချမှုများ၊ ဆက်လက်ဖွင့်လှစ်မည့် သင်တန်းဆိုင်ရာများ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ရက်ကန်းလုပ်ငန်းများ ပိုမို အောင်မြင်ရေးအတွက် ရိုးရာယဉ်ကျေးမှုကို အခြေခံသည့် နည်းပညာဆန်းသစ်သော ဒီဇိုင်းများ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူအသီးသီးက ထိုးထွင်းကြံဆ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း မှာကြားခဲ့ပြီး သင်တန်းသားများ၏ လက်တွေ့ဆောင်ရွက်နေသည့် ရက်ကန်းလုပ်ငန်းများ၊ ရက် ကန်းထည်များအား ကြည့်ရှုအားပေးကာ သင်တန်းကျောင်းအတွင်း  လှည့်လည်စစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ သမဝါယမသင်တန်းကျောင်းသို့ ရောက်ရှိကာ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ ဆရာမများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက ဆရာ/ ဆရာမများအနေဖြင့် သင်တန်းသားများပေါ်မှာ မိဘများသဖွယ် စောင့်ရှောက်၍ သမဝါယမပညာ ရပ်များကို စနစ်တကျ လေ့ကျင့်သင်ကြားပို့ချပေးရန်နှင့် လိုအပ်သည်များ မှာကြားပြီး သင်တန်း ကျောင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပါသည်။

အဲဒီနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိကာ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက အကောင်အထည် ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်စေရန်၊ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့် လုပ်ငန်းများ အချိန်မီပြီးစီးရန်၊ ဝန်ကြီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်စေရေး ဝန်ထမ်းအားလုံးက ပူးပေါင်းပါဝင်၍ တက်ကြွစွာဆောင်ရွက်ကြရန်၊ ဦးစီးဌာန အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့်အညီ နေထိုင် လုပ်ကိုင်ဆောင်ရွက်ရန်တို့ကို မှာကြားကာ တာဝန်ရှိသူများ၏ ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ကန်ထရိုက်စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော တောင်စွန်းမျိုးစေ့ထုတ်သမဝါယမ အသင်းလီမိတက်၏ အသင်းသားတောင်သူများသို့ သွင်းအားစုမြေဩဇာများ ဝယ်ယူနိုင်ရေး အရင်း မပျောက် မတည်ငွေများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး အသင်းသားတောင်သူများ ထံသို့ အရင်းမပျောက် မတည်ငွေများ ပေးအပ်ကာ တောင်စွန်းမျိုးစေ့ထုတ် သမဝါယမအသင်း၏ မျိုးစပါးစိုက်ဧက (၅၀) စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဆောင်ရွက်နေသော မုနိုင်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသူ/ သားများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ တင်ပြမှုအပေါ် လိုအပ်ချက် များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm