Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပွင့်ဖြူမြို့နယ် မျိုးစေ့ထုတ်သမဝါယမအသင်းနှင့် မိုးစပါးစိုက်သမဝါယမအသင်းများအား တွေ့ဆုံ


30 Aug,2023

နေပြည်တော် ဩဂုတ် ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ဖူးပွင့် မျိုးသန့်စိုက်ပျိုးရေး နှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ ဆာဖိုးသာ-၁ စပါးမျိုး (၅၄) ရက်သား စိုက်ခင်းကို အားပေးကြည့်ရှုသည်။ ယင်းနောက် GW-11 မျိုးစပါး စိုက်ပျိုးနေမှုအား သွားရောက် ကြည့်ရှုအားပေးပြီး ကောက်စိုက်သမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပွင့်ဖြူမြို့နယ်၊ ကုလားဟောင်းကျေးရွာအုပ်စု၊ ရွာသစ်ကလေးကျေးရွာရှိ မိုးစပါးစိုက်ခင်းများအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးထားမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပွင့်ဖြူမြို့နယ်၊ ဖူးပွင့် မျိုးကောင်းမျိုးသန့်နှင့် မျိုးစေ့ထုတ် လုပ်ရေးသမဝါယမအသင်းလီမိတက်မှ အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ အထွက်တိုးစပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရန်၊ ဆောင်းသီးနှံစိုက်ပျိုးပြီးနောက် လာမည့်မိုးရာသီ သမဝါယမအသင်းများ၏ စိုက်ဧကများအတွက် အထွက်တိုး မျိုးစပါးထုတ်ပေး နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ရန် မှာကြားသည်။ ယင်းနောက် သမဝါယမဦးစီးဌာန တိုင်းဦးစီး မှူးက မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး လုပ်ငန်း ဆောင်ရွက်နေမှုများအားလည်းကောင်း၊ ဖူးပွင့် မျိုးကောင်းမျိုးသန့်နှင့် မျိုးစေ့ထုတ် လုပ်ရေးသမဝါယမအသင်း ဥက္ကဋ္ဌက စပါးမျိုးများ ပျိုးထောင်ထားမှုနှင့် စိုက်ပျိုးနေမှုများအား လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက အသင်းသားတောင်သူများထံ အထွက်တိုးစပါးမျိုးများနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရာ အသင်းသားတောင်သူများက လက်ခံရယူကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပွင့်ဖြူမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စုတွင် (SMART Village) အဖြစ်ဆောင်ရွက်နေသည့် စံပြကျေးရွာသို့ ရောက်ရှိခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ဒုတိယဝန်ကြီးသည် ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ ဒုတိယ ဝန်ကြီးက စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ရေး၊ ရပ်ရွာဒေသ တည်ငြိမ်အေးချမ်းရေးတို့အတွက် ရှင်းလင်းဆွေးနွေးမှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ပို့ချနေသော အခြေခံစက်ချုပ်သင်တန်း တက်ရောက်နေသည့် သင်တန်းသူများအား တွေ့ဆုံ၍ ၎င်းတို့ချုပ်လုပ်ထားသော အဝတ်အထည် လက်ရာများအား ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပွင့်ဖြူမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ညောင်ပင်ကျေးရွာအဝင်လမ်း ၁ မိုင် ၄ ဖာလုံအနက် ၇ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်း လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မင်းဘူးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု ပြင်ထိန်းရန်ပုံငွေဖြင့် အလံပ္ပါယ်-ဇရပ်ကြီးလမ်းမှ မယ်ဘေ့ကုန်းကျေးရွာသို့ ဆက်သွယ်ထားသောလမ်း အရှည် ၁ မိုင် ၄ ဖာလုံ မြေနီကျောက်စရစ် ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm